ယူကရိန်းသို့ cluster ဗုံးများမပေးရန် အမေရိကအား ကုလကျွမ်းကျင်သူများတိုက်တွန်း

0
265

ဂျီနီဗာ၊စက်တင်ဘာ ၂၁

အမေရိကန်၏ ယူကရိန်းသို့ cluster ဗုံးများထောက်ပံ့ရန်ဆုံးဖြတ်ချက်အား ပြန်စဉ်းစားသုံးသပ်ပေးရန် ကုလသမဂ္ဂကျွမ်းကျင်သူများကပြောကြားခဲ့ပြီး အဆိုပါဗုံးများသည် အသုံးပြုပြီးပါက ဆယ်စုနှစ်များစွာအထိ အရပ်သားများကိုပါဒုက္ခပေးနိုင်သည်ဟုဆိုခဲ့သည်။

ကုလသမဂ္ဂအထူး အစီရင်ခံစာ တင်သွင်းသူ Alice Jill Edwards ၏အမေရိကန်အစိုးရထံပေးစာတွင် “cluster ဗုံးဆိုတာဟာ အသုံးပြုနေတုန်းရော၊ပဋိပက္ခအလွန်အချိန်တွေမှာရောပါ အရပ်သားကိုဒုက္ခပေးနိုင်တဲ့လက်နက်တစ်မျိုးပါ” ဟုရေးသားခဲ့သည်။

အဆိုပါ cluster ဗုံးများအသုံးပြုခြင်းကို နိုင်ငံပေါင်း ၁၀၀ ကျော်၌တားမြစ်ထားသော်လည်းရုရှား၊ယူကရိန်းနှင့်အမေရိက တို့သည် cluster ဗုံးထုတ်လုပ်ခြင်း၊သိုလှောင်ခြင်း၊အသုံးပြုခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို တားမြစ်သည့်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။

cluster ဗုံးဆိုသည်မှာ ဗုံးသီးအကြီးစားတစ်ခုတည်းမှ ဗုံးအငယ်စားလေးများအစုလိုက်ထွက်ကျလာပြီး နေရာအနှံ့အပြားသို့ရောက်ရှိနိုင်သည့်ဗုံးအမျိုးအစားဖြစ်သည်ဟုသိရသည်။

သို့သော် အဆိုပါဗုံးအငယ်စားများသည် ရံဖန်ရံခါ၌ မြေသို့ကျရောက်သော်လည်း မပေါက်ကွဲဘဲ မြေကြီးထဲ၌ကျန်ရှိနေပြီး နှစ်ပေါင်းများစွာကြာသည်အထိ ဗုံးကြွင်းဗုံးကျန်များအဖြစ်ရှိနေကာ နင်းမိချိန်မှပေါက်ကွဲခြင်းမျိုးဖြစ်တတ်သောကြောင့် အရပ်သားပြည်သူများအားငဲ့ညှာသောအားဖြင့် အသုံးပြုမှုကိုတားမြစ်ထားခြင်းလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here