ချင်းပြည်နယ်တွင် (၃) ရက်အတွင်း မြို့နယ် (၂) မြို့တွင် မြေပြိုကျမှု (၃) ကြိမ် ဖြစ်ပွား

0
209

ချင်းပြည်နယ်တွင် (၃) ရက်အတွင်း မြို့(၂) မြို့တွင် မြေပြိုကျမှု (၃) ကြိမ် ဖြစ်ပွားခဲ့ရာ ဖလမ်းမြို့တွင် (၁)ကြိမ်၊ ဟားခါးမြို့တွင် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦများ ဖျက်သိမ်းခြင်း၊ ပစ္စည်းများ ရွှေ့ပြောင်းပေးခြင်း၊ ဆက်လက်ပြိုကျနိုင်သည့်နေရာများအား ရှင်းလင်းရွှေ့ပြောင်းပေးမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ (၂၁) ရက်တွင် ချင်း ပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ ဗန်ကာအိုလမ်းရှိ နေအိမ်ပေါ်သို့ ကမ်းပါးယံမြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖလမ်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ သိရသည်။

စက်တင်ဘာ (၂၁) ရက် နံနက် (၇)နာရီ မိနစ် (၃၀) အချိန်ခန့်က ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ ဗန်ကာအိုလမ်းရှိ နေအိမ်ပေါ်သို့ ကမ်းပါးယံမြေသားများ ပြိုကျမှု ဖြစ်ပွားကြောင်း သတင်းအရ ဖလမ်းခရိုင်/ မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းရာတွင် ပြိုကျနေသော မြေစာများအား ဖယ်ရှားရှင်းလင်းခြင်း၊ နေအိမ်အပေါ်ဘက် ကမ်းပါးယံထပ်မံပြိုကျမှု မရှိစေရေး၊ ရေစိမ့်ဝင်မှုလျော့နည်းစေရေး ဆောင်ရွက်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

စက်တင်ဘာ (၂၀) ရက်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်(၂)ရပ်ကွက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦအား ဖျက်သိမ်းခြင်း၊ ပစ္စည်းများ ရွှေ့ပြောင်းပေးခြင်းနှင့် ဆက်လက်ပြိုကျနိုင်သည့် နေရာများအား ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရကြောင်းလည်း သိရသည်။

ထို့အပြင် စက်တင်ဘာ (၁၉) ရက်ကလည်း ဟားခါးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့သစ်ရပ်ကွက်၊ ထပ်လွယ်လမ်းတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အန္တရာယ်ရှိသည့် နေအိမ်(၁)လုံးအား ရွှေ့ပြောင်းပေးခဲ့ရသေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here