တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပူးပေါင်းဆောင်ရွက်ရန် NSPNC နှင့် RCSS ဆွေးနွေး

0
125

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

NSPNC နှင့် RCSS တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲအား စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ ဆွေးနွေးပွဲမပြုလုပ်မီ နှစ်ဖက်ဆွေးနွေးမည့် အစီအစဉ်များကို ဦးစွာဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့ပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး(၁)စဝ်စိုင်းငင်းတို့က နှုတ်ခွန်းဆက်အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် NCA နှင့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေး၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသများတွင် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန်၊ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာလိုအပ်ချက်များကို RCSS မှ ဆွေးနွေးချက်များအား အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

NSPNC နှင့် RCSS တို့သည် ဒုတိယနေ့ဆွေးနွေးအဖြစ် စက်တင်ဘာ ၂၂ ရက်(ယနေ့)တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ ပထမနေ့က မပြီးပြတ်သေးသည်များကို ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်သဘောထားများရယူသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here