မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထိန်းသိမ်းထားရှိသည့် ဗီယက်နမ် အလံတင်သင်္ဘောအား ထုခွဲရောင်းချရန် တင်ဒါခေါ်ယူ

0
613

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) မှ ထိန်းသိမ်းထားသည့် ဗီယက်နမ် နိုင်ငံအလံတင် M.T VIET TIN LUCKY သင်္ဘောကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ကြေညာထားသည်။

အဆိုပါ ဗီယက်နမ်သင်္ဘောမှာ အလျား (LOA) – ၁၀၉.၀၉ မီတာ၊ အနံ (Breadth) – ၁၈.၂ မီတာ၊ ရေစူး (Maxdraft) – ၆.၇၁ မီတာ အရွယ်အစားရှိပြီး တန်ချိန် ၄၅၇၃ တန်ရှိသံခွံအမျိုးအစားဖြစ်ကြောင်း သိရသည်။

ယင်းရေယာဉ်ကို The Myanmar Terminal (TMT) တံတားတွင် ထိန်းသိမ်းထားရှိခြင်းဖြစ်ပြီး ပြည်တွင်း၊ပြည်ပကုမ္ပဏီများအနေဖြင့် ကိုယ်တိုင်ကြည့်ရှုလေ့လာပြီးနောက် စိတ်ဝင်စားမှုရှိပါက တင်ဒါတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းကြေညာချက်အရ သိရသည်။

အဆိုပါ တင်ဒါလျှောက်လွှာကို ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်တွင် ဝယ်ယူနိုင်ပြီး စက်တင်ဘာ (၂၁)ရက်မှ အောက်တိုဘာ (၂၀) ရက် နေ့လည် (၁) နာရီအထိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၀၈ ခုနှစ် ဆိပ်ကမ်းများ အက်ဥပဒေပုဒ်မ (၁၁) အရ လေလံတင် ထုခွဲရောင်းချခြင်းဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ဒါတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဖျက်သိမ်းခွင့်ရှိကြောင်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here