ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ ကြေးဂူတိုက် (၄)ခုအတွင်းရှိ ထိုင်တော်မူဆင်းတုတော်(၄)ဆူအား ရွှေသင်္ကန်းကပ်လှူပူဇော်

0
333

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံမြို့ရှိ ဓမ္မရာဇကစေတီတော်မြတ်ကြီး၏ ကြေးဂူတိုက်(၄)ခုအတွင်းမှ ထိုင်တော်မူဆင်းတုတော်(၄)ဆူအား စက်တင်ဘာ ၂၁ ရက်နံနက် ၈ နာရီခွဲက ရွှေသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ရွှေသင်္ကန်းများအား ညောင်ဦးမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ(အလိုတော်ပြည့်ကျောင်းတိုက်)ဆရာတော်မှ ဦးဆောင်ကပ်လှူပူဇော်တော်မူခဲ့သည်။

ထို့နောက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ညောင်ဦးခရိုင်သာသနာရေးမှူး၊ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ဓမ္မရာဇကဘုရားဂေါပကအဖွဲ့ဝင်များကလည်း ဆင်းတုတော်များအားရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။

ဓမ္မရာဇဘုရားကြီးကို ခရစ်နှစ် ၁၁၉၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီးကတည်ထားခဲ့ခြင်းဖြစ်ပြီး ငါးမျက်နှာအညီအမျှတည်ဆောက်ထားသည့် ပစ္စယာသုံးဆင့်အပေါ်တွင် ရှစ်ထောင်ကြေးဝန်းခံထားသည့် စေတီတော်တစ်ဖြစ်ပြီး ပထမပစ္စယာမှစ၍ လက်ယာရစ်လှည့်ပြီး ပစ္စယာအဆင့်ဆင့်တို့တွင် ဇာတ်တော်ပေါင်း(၅၅၀)နှင့်ဘုရားဖြစ်တော်စဉ် စဥ့်ကွင်းပုံများဖြင့်တန်ဆာဆင်ထားသည်။

ထို့ပြင် ဘုရားတည်ဆောက်ပုံမှာ အခြေခံအားဖြင့် ရွှေစည်းခုံဘုရားနှင့်ဆင်တူပြီး တန်ဆာဆင်မွမ်းမံပုံနှင့်အာရုံခံမုခ်ငါးမျက်နှာရှိ ကြေးဂူတိုက်ငါးခုတွင် ပွင့်တော်မူပြီးသည့် ဘုရားငါးဆူကိုရည်မှန်း၍ ကြေးဆင်းတုငါးဆူကို တည်ထားခဲ့ပြီး အရှေ့ဘက်အာရုံခံမုခ်အတွင်း၌ ပုဂံခေတ်ရေးထိုးသည့် ကျောက်စာတစ်ချပ်နှင့်အင်းဝခေတ်နံရံမင်စာတို့ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here