လူမှုဖူလုံရေး အကျုံးဝင် အာမခံ အလုပ်သမား (၁ ဒသမ ၂၅) သန်းအတွက် ကျန်းမာရေးနှင့် ငွေကြေး အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိ

0
268

လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် (၁၂၂) မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် အာမခံ အလုပ်သမား (၁ ဒသမ ၂၅) သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေရန်နှင့် ပိုမို ကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုသို့ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမှီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များကို ဥပဒေနှင့်အညီ အမြန်ဆုံး ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၃) ကို စက်တင်ဘာ (၂၂) ရက် နံနက် (၁၀)နာရီတွင် အဆိုပါ ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများ နှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း (၂၆) ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း (၂၀) ခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်၊ ‌ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ (၂ ဒသမ ၂၉) သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ အာမခံအမျိုးသမီးအလုပ်သမား (၁၁,၃၁၄) ဦးအတွက် ငွေကျပ်သန်း (၁,၂၉၅ဒသမ၇၇၇)သန်း ခွင့်ပြု ထုတ်ပေးနိုင်ခဲ့ပြီး မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမားများက တင်ပြလာသည့် အကျိုးခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ငွေကျပ်သန်း (၅၄,၄၄၃ ဒသမ ၅၀၁) ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here