တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံး တစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့တို့တွင် ကျောင်းပိတ်ရမည်

0
224

ပုဂ္ဂလိကကျောင်းများ အပါအဝင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးတစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့တို့တွင် ကျောင်းပိတ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ဇော်မြင့်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာနမှ အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း ထည်ထောင်သူများ ကျောင်းအုပ်ကြီးများနှင့် စက်တင်ဘာ(၂၁) ရက်က တွေ့ဆုံစဉ် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက အခြေခံပညာ သင်ရိုးသင်ကျောင်းများ နိုင်ငံတကာ သင်ရိုးညွှန်းတန်းသင် အခြေခံပညာကျောင်းများ အားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်က ဖွင့်လှစ်သည့် ကျောင်းများနှင့် တစ်ပြေးညီ တူညီရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးတစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့တို့တွင် ကျောင်းပိတ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ဇော်မြင့်က ပြောဆိုသည်။

ထို့အပြင် ပုဂ္ဂလိကကျောင်းများအနေဖြင့် မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနဲ့ မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးတို့က ဆရာဖြစ် လက်မှတ်ရရှိရေး၊ နိုင်ငံခြားသား ဆရာများ ဗီဇာရရှိရေး၊ ပုဂ္ဂလိကကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပုဂ္ဂလိကကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ပုဂ္ဂလိက ကျောင်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here