လက်ရှိသတ်မှတ်ထားသည့် မိုးစပါးရည်ညွှန်းဈေးသည်တောင်သူများအတွက် အကျိုးအမြတ် (၅၀) ရာခိုင်နှုန်းထက် ပိုဟုဆို

0
346

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ခဲ့သည့် မိုးစပါးရည်ညွှန်းဈေးနှုန်းများသည် တောင်သူများအတွက် အကျိုးအမြတ် (၅၀)ရာခိုင်နှုန်းထက်ပိုမိုရရှိနိုင်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

‘‘အခု စဉ်းစားထားတဲ့ ဈေးနှုန်းတွေက တောင်သူလယ်သမားတွေအတွက် ကုန်ကျစရိတ်အပေါ်မှာ အကျိုးအမြတ် အနည်းဆုံး (၅၀)ရာခိုင်နှုန်းပါ။တကယ်တမ်းတော့ မကပါဘူး။ ပိုပါတယ်’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေက စက်တင်ဘာလ (၂၃) ရက်တွင် ပြုလုပ်သည့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ဆန်စပါးလုပ်ငန်းကိစ္စများ ဆောင်ရွက်နေမှု အခြေအနေများအပေါ် သတင်းပြန်ကြား‌ရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် မိုးစပါး ထွက်ရှိချိန်တွင် ကုန်သည်များအနေဖြင့် စပါးဝယ်ယူရာတွင် အမျိုးအစားအလိုက် စပါးတင်း ၁၀၀ ကို ဝယ်ယူရမည့် အခြေခံရည်ညွှန်းဈေးနှုန်းများအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရည်ညွှန်းသတ်မှတ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတ်မှတ်ချက်အရ ဧည့်မထ/ ငစိန် စပါး တင်း (၁၀၀) ကို (၁၃) သိန်းကျပ်မှ (၁၅) သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း တင်း (၁၀၀)လျင် (၁၆) သိန်းကျပ်မှ (၁၈) သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း တင်း (၁၀၀)လျင် (၁၈) သိန်းကျပ်မှ သိန်း (၂၀) အတွင်း၊ ဧရာမင်းနှင့် ဧရာပဒေသာစပါး တင်း (၁၀၀) လျင် (၁၆) သိန်းကျပ်မှ (၁၈) သိန်းအတွင်း ဈေးသတ်မှတ်ဝယ်ယူကြရန် ရည်ညွှန်းဈေး သတ်မှတ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here