ဧရာဝတီ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဟင်္သာတမြို့နယ်ရှိ မူလတန်းလွန်ကျောင်း တစ်ကျောင်းအား ဖျက်သိမ်းခဲ့ရ

0
292

ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်၊စစ်ကုန်းကျေးရွာအုပ်စု၊ငါးဆယ်ကျွန်းကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျခဲ့သည့်အတွက် မူလတန်းလွန်ကျောင်းတစ်ကျောင်းအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

အဆိုပါ မူလတန်းလွန်ကျောင်း ဖျက်သိမ်းနေမှုနှင့် မြစ်ကမ်းပါးပြိုကျသည့် နေရာအနီး အန္တရာယ်ရှိသည့် နေအိမ် ၂ လုံးအားပြောင်းရွှေ့ပေးနေမှုတို့ကို စက်တင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လာရောက် ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

ကျောင်းဆောင်သစ် မြေနေရာသစ်ရရှိရန် ဌာနဆိုင်ရာများမှ အလျင်အမြန်ပူးပေါင်းဆောင် ရွက်ရန်၊ သဘာဝဘေးဒဏ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရန်၊ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မှာကြားခဲ့သည်။

ထို့နောက် ဖျက်သိမ်းခဲ့ရမှုကြောင့် ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့သင်ကြားနေရသည့် ကျောင်းသား၊ကျောင်းသူများ၏ စာသင်ကြားနေမှုကိုကြည့်ရှုကာ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းသား၊ကျောင်းသူများနှင့်ဆရာ၊ဆရာမများအား ဗလာစာအုပ်၊ဘောပင်၊ခဲတံနှင့်ထောက်ပံ့ငွေများ၊ကျေးရွာတာဝန်ရှိသူများထံ သွပ်၊သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here