ရန်ကုန် – မော်လမြိုင်သွား ကားလမ်းတွင် ရပ်ထားသည့်တွဲကားကို (၁၂) ဘီးကားက နောက်မှဝင်တိုက် (၁၂) ဘီးကားယာဥ်မောင်း ခေါင်းခန်းအတွင်းညပ်ပြီး ဒဏ်ရာရ

0
196

ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ ရန်ကုန်-မော်လမြိုင် သွားကားလမ်းတွင် ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ရပ်ထားသည့် တွဲကားကို (၁၂) ဘီးကုန်တင်ကားက နောက်မှဝင်တိုက်မိခဲ့ကြောင်း ဘုရားကြီးမြို့ အရန်မီးသတ်စခန်းမှ သိရသည်။

ယနေ့ နံနက် (၆) နာရီခန့်က ဘုရားကြီးမြို့အနီး ရန်ကုန် – မော်လမြိုင်သွား ကားလမ်း၏ မိုင်တိုင်အမှတ် ၆၂/၅ နှင့် ၆၂/၆ ကြားတွင် သံဖြူဇရပ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသည့် (၁၂) ဘီးကုန်တင်ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသည့် တွဲကား၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

” ၁၂ ဘီးကားမောင်းတဲ့လူက အသက်(၄၅)နှစ်လောက်ရှိပြီ။ တိုက်မိတဲ့ အရှိန်နဲ့ ကားခေါင်းခန်းထဲမှာ ညပ်နေလို့ ဝိုင်းပြီးကယ်ထုတ်ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာတွေရတယ်။ မစိုးရိမ်ရပါဘူး။ ကားကတော့ ပျက်စီးသွားတာတွေများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် (၁၂) ဘီးကားမောင်းသူအား ခေါင်းခန်းအတွင်းမှ ကယ်ထုတ်ပြီးနောက် လူမှုကူညီရေးအသင်းကားဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here