မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်သွားလာနိုင်တော့မည်

0
304

မြန်မာ – တရုတ်နယ်စပ်ဂိတ်ပေါက်များမှ မကြာမီတွင် နှစ်နိုင်ငံ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်သွားလာနိုင်တော့မည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

မူဆယ်ဒေသရှိ လူဝင်မှုစိစစ်ရေးဂိတ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အရေးပါသည့်ဂိတ်များဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)ဖြင့်သာ ဖြတ်သန်းခွင့်ပြုခဲ့ရာမှ နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ဖြင့်ပါ ခွင့်ပြုပေးလျက်ရှိရာ နယ်စပ်ဂိတ်များမှ ပြည်သူများဝင်ထွက်မှု ပိုမိုများပြားလာကြောင်း ဝန်ကြီးက ပြောသည်။

မကြာမီကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) ဖြင့်ပါ ဝင်ထွက်သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေနန်းတော်ဂိတ်အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မူဆယ်ဒေသတွင်းအခြေအနေနှင့် နယ်စပ်ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ မြန်မာ – တရုတ် နှစ်နိုင်ငံပြည်သူများ ရွှေနန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်းစစ်ဆေးရေးဂိတ်များမှတစ်ဆင့် အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနေမှုနှင့် ယာဉ်ကြီးယာဉ်ငယ်များဖြင့် ကုန်စည်စီးဆင်းနေမှု၊ နှစ်နိုင်ငံပြည်သူများအား ယာယီဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ဆောင်ရွက်ပေးနေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာရာတွင် အဆင်ပြေမြန်ဆန်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ မူဆယ်မြို့ နန်းတော် လူဝင်မှုစစ်ဆေးရေးဂိတ်သို့ ရောက်ရှိကြပြီး နန်းတော်ဂိတ်၌ ပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass – BP)နှင့် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass – TBP)တို့ဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်သွားလာနိုင်ရေး စိစစ်ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here