နိုင်ဂျာလေပိုင်နက်သို့ ပြင်သစ်လေယာဉ်များ ဖြတ်သန်းခွင့်မပြုတော့ဟုဆို

0
374

နိုင်ဂျာတွင် ပြင်သစ်လေယာဉ်များအတွက် နိုင်ငံ၏လေပိုင်နက်ကို ပိတ်လိုက်ကြောင်း အာဖရိကနှင့် မဒါဂတ်စကာရှိ လေကြောင်းလုံခြုံရေးအေဂျင်စီ (ASECNA) ကို ကိုးကား၍ အေအက်ဖ်ပီက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ နိုင်ဂျာနိုင်ငံတွင် အာဏာသိမ်းထားသော အဖွဲ့က ထိုသို့ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျာ၏ လေပိုင်နက်သည် ပြင်သစ်လေကြောင်းပိုင် လေယာဉ်များနှင့် ပြင်သစ်နိုင်ငံထံမှ ငှားရမ်းထားသော လေယာဉ်များမှလွဲ၍ အခြားသော ပြည်တွင်းနှင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ပျံသန်းမှုအားလုံးအတွက် ဖွင့်လှစ်ထားကြောင်း အေအက်ဖ်ပီကသတင်းက ဆိုထားသည်။

အေအက်ဖ်ပီက စုံစမ်းမေးမြန်းရာတွင် Air France က ၎င်း၏ လေယာဉ်များသည် နိုင်ဂျာနိုင်ငံကို ဖြတ်ကျော်ပျံသန်းခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လနှောင်းပိုင်းတွင် နိုင်ဂျာရှိ စစ်ဘက်အဖွဲ့တစ်ဖွဲ့က သမ္မတ Mohamed Bazoum ကို ဖယ်ရှားကြောင်း ကြေညာခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဗိုလ်ချုပ်ကြီး Abdourahmane Tchiani ဦးဆောင်သော အမျိုးသားကောင်စီ (Conseil national pour la sauvegarde de lapatrie, CNSP) ကို တည်ထောင်ခဲ့သည်။

ထို့ကြောင့် အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း(ECOWAS)သည် အဖွဲ့အစည်းတွင် နိုင်ဂျာ၏အဖွဲ့ဝင်အဖြစ်ကို ဆိုင်းငံ့ထားပြီး နိုင်ငံအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ သမ္မတဟောင်း Bazoum ကို လွှတ်ပေးရန် ECOWAS ခေါင်းဆောင်များက တောင်းဆိုခဲ့ပြီး ၎င်းအား မလွှတ်ပေးပါက မိမိတို့မှ စစ်ရေးအရ ဆုံးဖြတ်ဆေင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဂါနာနိုင်ငံတွင် ဩဂုတ်လ ၁၈ ရက်ကကျင်းပခဲ့သော ဂါနာရှိ အစုအဖွဲ့၏ စစ်ဘက်အကြီးအကဲများ အစည်းအဝေးအပြီးတွင် နိုင်ဂျာသို့ စစ်ရေးအရ ဝင်ရောက်မည့်ရက်အတိအကျကို ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း ECOWAS ၏ နိုင်ငံရေးဆိုင်ရာကော်မရှင်နာ Abdel-Fatau Musah က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here