တရားမဝင် ဝင်ထွက်သွားလာမှုနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် (၁၂)ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် ဆွေးနွေး

0
166

စက်တင်ဘာ (၂၅) ရက် နံနက် (၉) နာရီက နေပြည်တော်ရှိ PARK ROYAL Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် မြန်မာ-တရုတ်လူကုန်ကူးမှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးနှင့်တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒု- ညွှန်ကြားရေးမှူးချုပ် Mr. Chen Shiqu တို့မှ ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုအခြေအနေများနှင့် ပြောင်းလဲဖြစ်ပေါ်လာသော လူကုန်ကူးမှုပုံစံများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် လန်ချန်း-မဲခေါင်ဒေသတွင်း ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ အဓမ္မခိုင်းစေမှုများနှင့် ယင်း မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား အစဉ်အလာရှိသည့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်း အစည်းအဝေးတွင် တရားမဝင် ဝင်/ထွက်သွားလာမှုများနှင့် လူကုန်ကူးမှုများကို နှစ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာ – တရုတ်နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရာရောက်ခြင်း၊ နှစ်နိုင်ငံကြား သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း ၊ လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းနှင့် ကျူးလွန်သူတရားခံများကို ဖမ်းဆီးခြင်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် နှစ်နိုင်ငံကြားဖြစ်ပွားသော လူကုန်ကူးမှုများ လျော့နည်းကျဆင်းစေခြင်း အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here