နာဇီတပ်ဖွဲ့တွင်အမှုထမ်းခဲ့ဖူးသူတစ်ဦးကို ချီးကျူးမိပြီးနောက် ကနေဒါအောက်လွှတ်တော်ဥက္ကဋ္ဌနုတ်ထွက်

0
223

ကနေဒါအောက်လွှတ်တော်ဥက္ကဋ္ဌ အန်တိုနီရိုတာသည် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတပ်ဖွဲ့တစ်ခုတွင် ပါဝင်ခဲ့သည့် ယူကရိန်းစစ်ပြန်တစ်ဦးကို ချီးကျူးပြီးနောက် ရက်ပိုင်းအကြာ အင်္ဂါနေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

အန်တိုနီရိုတာသည် သောကြာနေ့က ယူကရိန်းသမ္မတ ဇလန်းစကီး၏ ယူကရိန်းပါလီမန်တွင် ပူးတွဲမိန့်ခွန်းပြောကြားခဲ့စဉ် “ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားနိုင်ငံအား ရန်လိုသူများကို တိုက်ခိုက်ရန်နှင့် ယူကရိန်းလွတ်လပ်ရေးအတွက်ကိုပါ တိုက်ပွဲဝင်ခဲ့သည့် ယူကရိန်း-ကနေဒါစစ်သူရဲကောင်းတစ်ဦးအဖြစ် အသက် ၉၈နှစ်အရွယ် Yaroslav Hunka အား မိမိက ချီးကျူးဂုဏ်ပြုပါကြောင်း”ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ပိုင်းတွင်မူ လူ့အခွင့်အရေးအဖွဲ့များနှင့် ဂျူးအဖွဲ့အစည်းများက Yaroslav Hunkaသည် နာဇီSSတပ်၏ Waffen Grenadier အမှတ် ၁၄ တပ်မ ဟုလူသိများသော နာဇီ တပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟုဆိုကာ ရိုတာ၏အသိအမှတ်ပြုမှုကို ရှုတ်ချခဲ့သည်။

“ကျွန်ုပ်၏အမှားအတွက် အလွန်နောင်တရမိပါသည်” ဟု အန်တိုနီရိုတာက အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ပါလီမန်တွင်ပြောကြားခဲ့သည်။

မိမိ၏အသိအမှတ်ပြုမှုသည် ကနေဒါရှိ ဂျူးအသိုက်အဝန်းအပါအဝင် ပိုလန်ရှိ နာဇီရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်လာသူများနှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းတိုင်းကို နာကျင်စေခဲ့ကြောင်းကိုလည်း လစ်ဘရယ်ပါတီဝင်တစ်ဦးဖြစ်သည့် ရိုတာက ပြောကြားခဲ့သည်။ “ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်”ဟုလည်း သူကဆိုသည်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က အဆိုပါဖြစ်ရပ်ကို “အလွန်ရှက်ဖွယ်ကောင်းသည်” ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here