SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်

0
284

SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ ရက်က အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ SIM Card များအားမှတ်ပုံတင်ခြင်းမပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales(POS)များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့်လမ်းဘေးဆိုင်များနှင့် Online တို့တွင်ဆက်လက်ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။

ထိုသို့ SIM Card များအား စနစ်တကျမှတ်ပုံတင်ခြင်းမပြုဘဲ ဝယ်ယူသုံးစွဲနိုင်ခြင်းကြောင့် ဝယ်ယူအသုံးပြုမည့်သူများသည် ယင်း SIM Card နှင့် ချိတ်ဆက်အသုံးပြုလျက်ရှိသည့် ငွေကြေး ဝန်ဆောင်မှုများအပြင် အခြား Online ဝန်ဆောင်မှုများတွင် လိမ်လည်မှုခံရနိုင်သည့်အပြင် ရာဇဝတ်မှုများကိုနှိမ်နင်းနိုင်ရန် ဥပဒေနှင့်အညီ စုံစမ်းမှုများပြုလုပ်ရာတွင်လည်း အခက်အခဲများရှိလာသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကိုအသုံးပြု၍ ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ရာဇဝတ်မှုများ၊အကြမ်းဖက်လုပ်ဆောင်မှုများနှင့်ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ်လာသဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးမှုကိုပါထိခိုက်လာသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် SIM Card များရောင်းချသည့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ အရောင်းဆိုင်များ၊မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့်တရားဝင်စာချုပ်ချုပ်ဆိုထားသည့် အရောင်းကိုယ်စားလှယ်များနှင့်အရောင်းဆိုင် (Points of Sales)များသည် Customer Registration ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်သည်။

ရောင်းချရာတွင်လည်း အသစ်ထုတ်ဝေရောင်းချမည့် SIM Card ဖြစ်စေ၊လက်ရှိဖြန့်ဝေထားသည့် SIM Card ဖြစ်စေ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ကာ မှတ်ပုံတင်ထားခြင်းမရှိသည့်(သို့) လိမ်လည်၍ မှတ်ပုံတင်ထားသည့်(သို့) Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် SiM Card များကို ရောင်းချခြင်းမပြုရန်လည်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် Customer Registration ညွှန်ကြားချက်များနှင့်အညီမှတ်ပုံတင်ထားသည့် SIM Card များကိုတဆင့်လွှဲပြောင်းရာတွင် ရယူအသုံးပြုသူ၏ အချက်အလက်အမှန်ဖြင့် Customer Registration ညွှန်ကြားချက်များနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ထားချက်များအား လိုက်နာခြင်းမရှိဘဲဖောက်ဖျက်ကျူးလွန်ကြောင်းစိစစ်တွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူခြင်းခံရမည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here