အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ အသက် (၁၀၀)နှစ်နှင့်အထက်ဘိုးဘွားများအား ဂါဝရပြုထောက်ပံ့ငွေများပေးအပ်သွားမည်

0
192

အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် အ ပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ကချင်ပြည်နယ်အတွင်းရှိ အသက် (၁၀၀)နှစ်နှင့်အထက်ဘိုးဘွားများအား ဂါဝရပြုထောက်ပံ့ငွေများပေးအပ်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ကပြောသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်ကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သက်ကြီးရွယ်အိုများသည် ကျေးဇူးရှင်မိဘများဖြစ်၍ ၄င်းတို့၏ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများအား ကျေးဇူးပြုခြင်း၊သက်ကြီးရွယ်အိုများအား ဦးထိပ်ထားအသိအမှတ်ပြုလိုခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို မဖြစ်မနေကျင်းပသွားမည်ဟု ပြောသည်။

ယခင်နှစ်ကကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၁၄၈)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းထောက်ပံ့ပေးအပ်နိုင်ခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ယခုနှစ်တွင်လည်း သက်ကြီးဘိုးဘွားများအားထောက်ပံ့ငွေများကို ဂါဝရပြုထောက်ပံ့ ပေးအပ်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြောကြားခဲ့သည်။

သက်ကြီးဘိုးဘွားများအရေအတွက်ရရှိရန်၊သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော်တည်ဆောက်ရေးတွင် ထည့်သွင်းအသုံးပြုသွားနိုင်ရေးအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်‌ရေး ဝိုင်းဝန်းကြိုးစားကြရန်နှင့်ဘိုးဘွားများကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်လိုအပ်လျက်ရှိသည့် ဘိုးဘွားရိပ်သာများတိုးချဲ့တည်ဆောက်နိုင်‌ရန်လည်းမှာကြားခဲ့သည်။

ထို့နောက် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့်အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ပုံစာ – ၂၀၂၁ ခုနှစ်အသက်အကြီးဆုံး ဘွားသက်ရှည် အဘွားဒေါ်ထွေးအား ငွေကျပ် ၁၀သိန်း ချီးမြှင့်ဂုဏ်ပြုခဲ့စဉ်ပုံရိပ်များ။


LEAVE A REPLY

Please enter your comment!
Please enter your name here