ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့်ငွေကျပ် ၁၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၁၂) သန်းကျော်အား ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းမိ

0
165

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၌ (၂၂)ဘီးတွဲကားပေါ်တွင် ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ ဒသမ ၅၅ သန်းကို စက်တင်ဘာ (၂၁) ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက် (၈) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်ကားလမ်းပေါ် ထုံးဘိုတိုးဂိတ်အနီး၌ သီပေါဘက်မှ မန္တလေးဘက်သို့ စိုင်းထင်လင်းမောင်းကာ၊ ထိန်ဝင်း လိုက်ပါလာသည့် (၂၂) ဘီးတွဲကားကို ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးစဉ် ကားပေါ်၌ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်ကာ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်လာသည့် ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ ဒသမ ၅၅ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများအား သယ်ဆောင်ခိုင်းသူ ဂေါ်လီ(ခ)ကျော်ကြီး(ခ)ကျော်စိန်မြင့်နှင့် သယ်ဆောင်လာသူများဖြစ်သည့် စိုင်းထင်လင်းနှင့် ထိန်ဝင်းတို့အား သက်ဆိုင်ရာ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here