(၈) လ ကျော်ကာလအတွင်း စည်းကမ်းမဲ့ YBS ယာဉ်များအား အရေးယူဆောင်ရွက်မှုအနေဖြင့် အမှုပေါင်း ၁၆၀၀၀ ကျော်ရှိ

0
260

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များကို အရေး‌ယူဆောင်ရွက်ရာတွင် (၈) လကျော်ကာလအတွင်း အမှုပေါင်း ၁၆၀၀၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း YRTC မှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာ (၂၅) ရက်အထိ စည်းကမ်းဖောက်ဖျက်ခဲ့သည့် YBS ယာဉ်များအား အပြစ်ပေး အရေးယူခြင်းများ လုပ်ဆောင်ခဲ့ရာတွင် အမှုပေါင်း (၁၆,၆၉၉)မှုကို အရေးယူဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ အရေးယူဆောင်ရွက်ခဲ့သည့် အမှုများတွင် ခရီးသည်တိုင်ကြားသည့်အမှုမှာ အများဆုံးဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်လိုင်းအများစုသည် တစ်ဦးချင်းပိုင် YBS ယာဥ်လိုင်းများဖြစ်ကြောင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ကားချင်းပြိုင်မောင်းခြင်း၊လုမောင်းခြင်း၊ ကျော်တက်ခြင်းများ ပြုလုပ်သည့်အပြင်ယာဥ်အကူထားရှိကာ ယာဉ်စီးခကောက်ခံခြင်းကိုပါ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စည်းကမ်းချိုးဖောက်မှုများအား အလွယ်တကူအရေးယူနိုင်ရန်အတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်အချို့ကို လာမည့် အောက်တိုဘာ (၁) ရက်မှ စတင်ကာ နံပါတ်အသစ်ဖြင့် ပြေးဆွဲခြင်းဖြစ်ကြောင်း YRTC ထံမှ သိရသည်။

ယင်းကဲ့သို့ ယာဉ်နံပါတ် အသစ်ဖြင့် ပြောင်းလဲပြေးဆွဲစေရာတွင် YBS ယာဉ်လိုင်းများထဲမှ လိုင်းနံပါတ်တူပြီး ကုမ္ပဏီမတူညီသည့် ယာဉ်လိုင်းအချို့ကို ယာဉ်လိုင်းနံပါတ်အသစ်ဖြင့် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

“နံပါတ်တူပြီး ကုမ္ပဏီမတူတဲ့ ယာဉ်တွေကို အခုလိုနံပါတ်အသစ်နဲ့ပြောင်းလဲပြေးဆွဲတာဟာ စည်းကမ်းချိုးဖောက်မှုတွေ ဖြစ်လာရင် အလွယ်တကူ အရေးယူ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ ဘတ်စ်ကားဂိတ်တွေမှာလည်း အသိပေးချက်တွေကပ်သွားမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ယာဉ်လိုင်းပေါင်း ၁၁၉ လိုင်း ယာဉ်အစီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၅ သန်းကို ဝန်ဆောင်မှုပေးနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here