မသမာသည့် APP ကို ဖုန်းထဲဒေါင်းပြီးသုံးမိ၍ စင်ကာပူအမျိုးသမီးတစ်ဦး ဘဏ်အကောင့်မှ ကန်ဒေါ်လာ၁သိန်းကျော် မသမာသူလက်ထဲပါသွား

0
408

စင်ကာပူနိုင်ငံရှိ အချိန်ပိုင်း မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးတစ်ဦးသည် မသမာသည့် APP တစ်ခုကို သူ၏ ဖုန်းထဲသို့ ဒေါင်းပြီး အသုံးပြုမိသဖြင့် သူ၏ DBS ဘဏ်အကောင့်ဝယ်စုဆောင်းထားသော ကန်ဒေါ်လာ ၁၁၁၀၀၀ ကို မသမာသူများက ထုတ်ယူသွားခြင်းကိုခံလိုက်ရသည်။

အသက် ၅၂ နှစ်အရွယ်ရှိ မစ္စလိုင်းဆိုသူသည် စက်တင်ဘာ ၁၀ရက်နေ့က ဖေ့စ်ဘုတ်တွင် ကြော်ငြာထားသော ခရီးသွားလုပ်ငန်းကြော်ငြာတစ်ခုကိုတွေ့မိပြီး ကြော်ငြာ၏ ဆွဲဆောင်မှုကြောင့် အဆိုပါ ခရီးသွားလုပ်ငန်းဖြင့် ချိတ်ဆက်ကာ မလေးရှားသို့အပန်းဖြေခရီးထွက်ရန်ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၂၂ ခုနှစ်ကလည်း ထိုခရီးသွားလုပ်ငန်းဖြင့်ပင် ချိတ်ဆက်ကာ သူခရီးထွက်ခဲ့ဖူးသေးသောကြောင့်ဖြစ်သည်။

ထိုခရီးသွားလုပ်ငန်းသို့ ဖုန်းဆက်စုံစမ်းရာတွင် EG Store ဟုခေါ်သော android APP တစ်ခုကို ဖုန်းထဲသို့ဒေါင်း၍ အချက်အလက်များဖြည့်စွက်ရန် ထိုလုပ်ငန်းမှ SMS ဖြင့်အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် သူတို့ပြောသော APP ကို ဖုန်းထဲသို့ဒေါင်းကာ အချက်အလက်အချို့ကိုဖြည့်စွက်ပြီး ခရီးသွားရန်အတွက် booking တင်ခဲ့မိသည်။ သူသည် ခရီးသွားရန်လက်မှတ်ကို ချက်ခြင်းမဝယ်ခဲ့သလို၊ သူ၏ ဘဏ်အကောင့်ဆိုင်ရာအချက်အလက်များကိုလည်း ဖြည့်သွင်းခြင်းမပြုခဲ့ချေ။

သို့ရာတွင် တစ်ပတ်ခန့်အကြာဝယ် သူ၏ ဘဏ်အကောင့်သို့ ဝင်၍မရတော့သဖြင့် သူ၏ သားဖြစ်သူက ဘဏ်သို့အကြောင်းကြားရာတွင် မစ္စလိုင်း၏ ဘဏ်အကောင့်မှာ ငွေပမာဏများစွာကို အခြားအကောင့် ၅ ခုသို့လွှဲပြောင်းခဲ့သဖြင့် မသင်္ကာ၍ အကောင့်ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် လော့ချလိုက်ခြင်းကြောင်း ဘဏ်က ပြန်ဖြေလေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကပင်လျှင် မစ္စလိုင်း၏ ဘဏ်အကောင့်မှ အမေရိကန်ဒေါ်လာ ၁၁၁၀၀၀ ကို အခြားဘဏ်အကောင့် ၅ ခုသို့ ခွဲ၍ လွှဲပြောင်းပေးခဲ့ကြောင်း DBS ဘဏ်မှ ပြန်လည်ဖြေကြားခဲ့သည်။

ထိုအခါတွင်မှ မိမိ၏ ဘဏ်အကောင့်ကို မသမာသူတို့က ဝင်ရောက်၍ ငွေများထုတ်ယူသွားခြင်းဖြစ်ကြောင်းသိရခြင်းဖြစ်သည်။

“ကျွန်မမှာ နေ့တိုင်း အိပ်လို့လဲမရဘူး၊ နေ့တိုင်းလဲ ငိုနေရပါတယ်။ ဒီငွေတွေဟာကျွန်မ နှစ် ၃၀ ကျော်စုဆောင်းလာခဲ့တာတွေပါ။ ကျွန်မရင်သွေး ၃ ယောက်ရှေ့ရေးအတွက် စုဆောင်းထားတာတွေပါ။ ခုတော့ ကျွန်မလဲ အရမ်းကြောက်နေပြီး ဖုန်းထဲက ရှိသမျှ APP တွေကို အကုန်ဖျက်လိုက်ပါပြီ”ဟု မစ္စလိုင်းကပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ ဘဏ်နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here