ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

0
277

နစက အနေဖြင့် ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ရေးဆွဲအတည်ပြုပြီးဖြစ်သည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နစက ဒု – ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောသည်။

တရုတ်နိုင်ငံမှ ဦးဆောင်၍ ပေကျင်းမြို့၌ စက်တင်ဘာ (၂၅) ရက်နံနက်ပိုင်းက ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးတွင် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကဆက်စပ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံနှင့် သင့်လျော်ကောင်းမွန်သည့် ဝန်ဆောင်မှု လိုအပ်ချက်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊စွမ်းအင်ပြုန်းတီးမှု၊ ကာဗွန်များပြားစွာ ထုတ်လွှတ်မှု စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နစက အနေဖြင့် ပို့ဆောင်ရေးအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲအတည်ပြုထားပြီးဖြစ်သည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း (National Transport Master Plan)နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်သုံးယာဉ်များတင်သွင်းမှု၊ထုတ်လုပ်မှု၊အသုံးပြုမှုများအတွက် အမျိုးသားအဆင့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ မဟာဗျူဟာများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ရေကြောင်းလေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင်လည်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)တို့မှချမှတ်သည့် နိုင်ငံတကာစံညွှန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ဒု-ဝန်ကြီးချုပ် H.E. Mr. He Lifeng တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မျက်နှာစုံညီအစည်းအဝေးတွင်လည်း နိုင်ငံပေါင်း(၁၈) နိုင်ငံမှ ဝန်ကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖိုရမ်အား ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များ ပြည့်မီရေး အထောက်အကူပြုနိုင်ရန် အပြန်အလှန်ချိတ်ဆက်မှုမြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး ၊ နည်းပညာသစ်များ အသုံးပြုရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here