ဝက်ဂနာတပ်ဖွဲ့၏ ထိပ်တန်းတပ်မှူးဟောင်းနှင့် သမ္မတပူတင်တွေ့ဆုံ

0
283

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဝက်ဂနာကြေးစားတပ်ဖွဲ့၏ ထိပ်တန်းတပ်မှူးဟောင်းဖြစ်သူ ထရိုရှက်ဗ်နှင့် ယနေ့သောကြာနေ့တွင် တွေ့ဆုံခဲ့ပြီး၊ “မိမိသဘောအလျောက်တာဝန်ထမ်းဆောင်လိုသည့် တပ်ဖွဲ့ယူနစ်”များကို ယူကရိန်းစစ်ပွဲတွင် အကောင်းဆုံးဖြစ်အောင် မည်သို့အသုံးပြုရမည်ကို ဆွေးနွေးခဲ့သည်။

ထရိုရှက်ဗ်နှင့်ဆွေးနွေးရာတွင် သမ္မတပူတင်က အထူးစစ်ဆင်ရေးဇုန်များတွင် တိုက်ခိုက်ရေးတာဝန်အမျိုးမျိုးကို ထမ်းဆောင်နိုင်သည့် မိမိသဘောအလျောက်တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့ယူနစ်များနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်လုပ်ဆောင်ရမည်ကို ပြောကြားခဲ့ကြောင်း၊ ထိုသို့ပါဝင်သူများအား လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှုများပြုလုပ်ပေးရန်လိုအပ်ကြောင်းတို့ကိုပြောကြားခဲ့သည်။

“ခင်ဗျားကိုယ်တိုင် ဒီလိုယူနစ်တွေမှာ တိုက်ပွဲဝင်လာခဲ့တာ တစ်နှစ်ကျော်ပြီဖြစ်တဲ့အတွက်၊ ဘာတွေ ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာတွေ၊ ကြိုပြီးဖြေရှင်းရမယ့်ပြဿနာတွေကို ခင်ဗျားသိပါတယ်။ ဒါမှလဲ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးနည်းလမ်းတွေနဲ့ ဆက်လုပ်သွားနိုင်မှာဖြစ်တယ်”ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထရိုရှက်ဗ်သည် ယခုအခါ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတွင် အလုပ်လုပ်နေပြီဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဗ်က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here