(၅) လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၁၇၅၀၀၀၀ ကျော်တင်ပို့ထား

0
212

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ထွက်ပေါက်များမှတဆင့် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၅၀၀၀၀) ကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့ အနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ အဓိကတင်ပို့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂၇၆) သန်းကျော်ရရှိထားကြောင်းသိရ သည်။

“ကိုဗစ်ကာလ မတိုင်ခင် အရင်အခြေအနေကို ပြန်မရောက်သေးဘူး။ သူ့ဟာနဲ့သူတော့ ပုံမှန်အတိုင်းလေး သွားနေတာပေါ့”ဟု နယ်စပ်မှတဆင့် ရေထွက်ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်တွင်းမှ ရေထွက်ကုန်များကို ပြည်ပသို့ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်အား ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောဂါပိုးမွှားများ ကင်းရှင်းစေရန် ပြည်တွင်း၌ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့မှု လုပ်ငန်းစဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း စီးပွားကူးသန်းဝန်ကြီးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန် နှင့် ဥရောပနိုင်ငံများ အပါအဝင် ရေခြားမြေခြား နိုင်ငံတချို့ကို တင်ပို့နေပြီး၊ တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့ လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here