ဒုတိယအကြိမ် ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုကို လာမည့်အပတ်တွင်ပြန်လည်စတင်မည်

0
298

တိုကျို၊စက်တင်ဘာ ၂၉

ဂျပန်နိုင်ငံသည်၎င်း၏ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုကို ဩဂုတ်လကစတင်ခဲ့ပြီး တရုတ်နိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံများကကွန့်ကွက်နေသည့်ကြားမှ အောင်မြင်စွာစွန့်ထုတ်နိုင်ခဲ့ပြီး လာမည့်အပတ်မှစတင်ကာ ဒုတိယအကြိမ်မြောက်ထပ်မံစွန့်ထုတ်မည်ဖြစ်ကြောင်းသိရသည်။

ဖူကူရှီးမားစက်ရုံသည် ၂၀၁၁ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် ဆူနာမီဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သဖြင့် နျူစက်ရုံ၏ရေဒီယိုသတ္တိကြွဓာတ်ပါဝင်သည့်ရေဆိုးများကို ထိန်းသိမ်းထားရာမှ တန်ချိန်ပေါင်း ၁ ဒသမ ၃၄ သန်းရှိလာကာ အချိန်မီ မစွန့်ထုတ်လျှင် ခံနိုင်ဝန် ကို ကျော်လွန်ကာ ပေါက်ထွက်နိုင်သဖြင့် ပြီးခဲ့သည့်လကစတင်စွန့်ထုတ်ခဲ့ကြောင်းသိရသည်။

“ပထမအကြိမ်စွန့်ထုတ်မှုပြီးလို့ ဒုတိယအကြိမ်ရေဆိုးစွန့်ထုတ်မှုကို အောက်တိုဘာ ၅ ရက်ကနေ ပြန်စတင်မှာဖြစ်ပါတယ်” ဟု စက်ရုံတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တိုကျိုက ၎င်းတို့စွန့်ထုတ်သောရေဆိုးသည် အန္တရာယ်မရှိနိုင်ကြောင်း အခိုင်အမာပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံကဂျပန်မှ ရေထွက်ပစ္စည်းတင်သွင်းမှုအားလုံးကိုရပ်ဆိုင်းခဲ့သကဲ့သို့ တောင်ကိုရီးယားဘက်ကလည်း ရေဆိုးစွန့်ထုတ်မှုကို ကန့်ကွက်ခဲ့ကြသည်။

တရုတ်နိုင်ငံက ဂျပန်ရေထွက်ကုန်ပစ္စည်းများတင်သွင်းမှုကိုတားမြစ်ခဲ့သော်လည်း တရုတ်သင်္ဘောများသည် ဂျပန်ရေယာဉ်များလည်ပတ်နေသည့် ဧရိယာတစ်ခုတည်းရှိဂျပန်ကမ်းလွန်၌ပင် ငါးဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းသိရပြီး ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ကမူ ဂျပန်ကမ်းလွန်၌ငါးဖမ်းနေသည့် တရုတ်သင်္ဘောများ၏ဓာတ်ပုံကိုတင်ခဲ့သေးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here