ကူးစက်မြန် မျက်စိနာ၊ မျက်သားရောင် ရောဂါ ဖြစ်ပွားသူ များပြားနေ

0
1446

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ ကူးစက်မြန် မျက်စိနာ၊ မျက်သားရောင် ရောဂါ ဖြစ်ပွားနေသူများ များပြားနေကြောင်း ဆရာဝန်များ၏ ပြောပြချက်အရ သိရသည်။

ယင်းကူးစက်မြန်ရောဂါသည် ဩဂုတ်လ လလယ်ခန့်မှစ၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကူးစက်နှုန်း ပိုမိုမြန်ဆန်လာခြင်းဖြစ်ကြောင်း သိရသည်။

” သူကကူးစက်ရောဂါ အကြီးစားတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့လက်မသန့်ရှင်းတာတွေနဲ့ ပွတ်တာ၊ ပြီးတော့ ထိတွေ့ထားတဲ့လက်နဲ့ ပွတ်မိတာတို့ကြောင့်ဖြစ်တာ။ အတတ်နိုင်ဆုံး မပွတ်မိအောင်ဂရုစိုက်ရမှာပေါ့။ ကြည့်မိရုံနဲ့တော့ မကူးဘူး။ မျက်စဉ်းဆေးသေချာခတ် လိုအပ်ရင် သောက်ဆေးသောက်။ သန့်ရှင်းရေးကို သေချာဂရုစိုက်ရင်တော့ ပျောက်ကင်းနိုင်ပါတယ်”ဟုအထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

၎င်းဖြစ်ပွားသော မျက်စိနာ၊ မျက်သားရောင် ရောဂါ လက္ခဏာများမှာ မျက်စိယောင်ခြင်း၊ နီမြန်းခြင်း၊ နာခြင်း၊ ယားခြင်း၊ မျက်ရည်ကျခြင်းတို့ ဖြစ်ပေါ်ပြီး အနည်းဆုံးတစ်ပါတ်ခန့်ကြာနိုင်ကြောင်း သိရသည်။

” ကလေးကစပြီး အရင်မျက်လုံးနာတာ။ သူကညာဖက်မျက်လုံးကနေစနာတာ။ အစကတော့ ကလေးနဲ့မျက်လုံးချင်းဆုံလို့ကူးတယ်ထင်တာ။ နောက်မှဆရာဝန်က လက်နဲ့ထိမိပြီး မျက်လုံးကိုကိုင်မိရင် ကူးတယ်လို့ပြောတယ်။ တော်တော်များများအဖြစ်များနေကြတယ်။ ဆေးခန်းမှာ လူနာငါးယောက်ဆိုရင် လေးယောက်လောက်က မျက်စိနာတယ့်သူတွေ”ဟု မျက်စိနာရောဂါ ဖြစ်ပွားဖူးသူ တစ်ဦးကပြောသည်။

ထို့ပြင် ကူးစက်မြန်မျက်စိနာရောဂါဖြစ်ပွားနေပါက လူစုလူဝေးနေရာများသို့ သွားရောက်ခြင်း ရှောင်ကျဉ်ရန်လိုအပ်ကြောင်း မျက်စိဆရာဝန်တစ်ဦးက အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here