စက်စဲကမ်းခြေတွင် ဒီရေမြင့်တက်ကာ ပင်လယ်ရေလှိုင်းရိုက်ခတ်၍ ကမ်းစပ်ရှိရေထိန်းနံရံနှင့်နေအိမ်အချို့ပျက်စီးသွား

0
236

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာရှိ စက်စဲကမ်းခြေတွင် စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်(ယနေ့)တို့တွင် ဒီရေမြင့်တက်ကာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းစပ်ရှိရေထိန်းနံရံနှင့်နေအိမ် ၂၃ လုံးပျက်စီးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“ကမ်းစပ်တစ်လျှောက်က ရေထိန်းနံရံတွေပြိုကျသွားတယ် နောက်ပြီး မနေ့က(စက်တင်ဘာ ၂၉ ရက်)မှာအိမ် ၂ လုံးပျက်စီးသွားတယ် ဒီနေ့(စက်တင်ဘာ ၃၀ ရက်)မှာ နောက်ထပ် အိမ် ၂၁ လုံးပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ပျက်စီးသွားသည့် နေအိမ် ၂၃ လုံးသည် ပင်လယ်ကမ်းစပ်အနီးတွင် ဆောက်လုပ်ထားသည့် ဓနိမိုး/ဝါးထရံကာ နေအိမ်များဖြစ်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပင်လယ်ရေထရက်နဲ့ဆုံပြီး ဒီရေမြင့်တက်တာရယ် လတ်တလောဒီရက်ထဲမှာ မိုးရွာလေတိုက်တာရယ်နဲ့ပင်လယ်ရေလှိုင်းရိုက်ပြီး ပျက်စီးသွားတာ လူထိခိုက်သေဆုံးတာနဲ့ပျောက်ဆုံးတာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ပြိုကျပျက်စီးသွားသည့် နေအိမ် ၂၃ လုံးမှ လူဦးရေ ၁၀၄ ဦးအား တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဘေးအန္တရာယ်လွတ်ကင်းသည့် နေရာများသို့ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here