တိုင်း/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင်များဖွင့်လှစ်သွားမည်

0
211

နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေများစွာသေဆုံးနေသဖြင့် မြန်မာနိုင်ငံရှိ တိုင်း/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင်များဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

စက်တင်ဘာ ၂၉ ရက်နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပသည့် ၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေ ၂၀ ဒသမ ၅ သန်းကျော် သေဆုံးလျက်ရှိကာ အဆိုပါ သေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ဦးနှောက်သွေးကြောပိတ်ခြင်း၊ဦးနှောက်သွေးကြောပေါက်ခြင်း၊လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းဖြစ်သည်ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှလုံးနှင့်သွေးကြောရောဂါများအပါအဝင် အခြားမကူးစက်နိုင်သောရောဂါများဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရန် မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သောရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေးခန်းပေါင်း ၇၄၇၆ ခုကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ကုသမှုအတွက်လိုအပ်သည့် အခြေခံနှလုံး၊သွေးတိုး၊ဆီးချိုရောဂါများကုသသည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ပြည်သူများအတွက် နိုင်ငံတော်မှ အခမဲ့ပံ့ပိုးပေးလျက်ရှိသည်ဟု ပြောသည်။

နေပြည်တော်၊ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်လည်း နှလုံးရောဂါလူနာများအတွက် ခေတ်မီစက် ကိရိယာ၊နည်းပညာများအသုံးပြု၍ ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများက ကုသမှုပေးလျက်ရှိကာ တိုင်း/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင်များဖွင့်လှစ်ရန် စီစဉ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားပြခန်းနှင့်နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်း ဒုတိယနေ့ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here