ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက အမုန်းတရားအခြေခံကာ လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ပြောကြား

0
244

ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက အမုန်းတရားကို အခြေခံကာ ဆောင်ရွက်နေ၍ ရမည်မဟုတ်သည့်အပြင် လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးရရှိရေးကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ပြောကြားလိုက်သည်။

စက်တင်ဘာ (၃၀) ရက် နံနက်ပိုင်းက နစက ဥက္ကဋ္ဌအား နေပြည်တော်၌ လာရောက်တွေ့ဆုံစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌ အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU)ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန်ရောက်ရှိလာစေရန် စိတ်ရှည်စွာ စောင့်ဆိုင်းပေးနေမှုကိုလည်း ကျေးဇူးတင်ရှိသည်ဟု ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားရမည်ဟု ယုံကြည်ကာ NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားနေမှုများကို လက်သင့်ခံ၍ မရ‌ကြောင်းလည်း ၎င်းကဆိုသည်။

NCA စာချုပ်ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများရှေ့၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည့်အတွက် မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားသွားသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူအပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံမည်မဟုတ်ဘဲ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့် NCA လမ်းကြောင်းပေါ်တွင်သာ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းလည်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here