ယူကရိန်းမှ အမျိုးသမီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ စစ်မှုထမ်းရန် စာရင်းသွင်းရမည်

0
217

ဆေးဘက်ဆိုင်ရာ သို့မဟုတ် ဆေးဝါးဆိုင်ရာ ဘွဲ့ဒီဂရီများ၊ အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် ယူကရိန်းအမျိုးသမီးများသည် အောက်တိုဘာ ၁ ရက်မှ စတင်၍ စစ်မှုထမ်းရန် စာရင်းသွင်းရမည်ဖြစ်သည်။ ယင်းအမျိုးသမီးများသည် ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် နောက်ဆုံးထား၍ စာရင်းသွင်းရန် လိုအပ်ပြီး ယင်းဘွဲ့ဒီဂရီများနှင့် လက်မှတ်များ မရရှိထားသည့် အမျိုးသမီးများမှာမူ ၎င်းတို့ဆန္ဒအတိုင်း စစ်မှုထမ်းစာရင်းသွင်းလိုကသွင်း၊ မသွင်းလိုကလည်း မသွင်းပဲနေနိုင်သည်။

အသစ်ထုတ်ပြန်လိုက်သော စစ်မှုထမ်း ဥပဒေအရ၊ ဆရာဝန်၊ သွားဆရာဝန်၊ သားဖွားဆရာမ၊ သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်သူများဖြစ်ကြသည့် အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား အမျိုးသမီးတိုင်း စစ်မှုထမ်းရန် မှတ်ပုံတင်ရမည်ဟုဆိုသည်။ ၎င်းသည် အမျိုးသမီးသုတေသီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဆိုင်ရာ အမျိုးသမီး မန်နေဂျာများအတွက်လည်း အကြုံးဝင်သည်။ လွန်ခဲ့သည့် အနှစ် ၂၀ က ဆေးကျောင်းမှ ဘွဲ့ရပြီး အလုပ်မလုပ်ပဲရှိနေသည့် အမျိုးသမီးများသည်ပင် စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်ရန် တာဝန်ရှိကြောင်း ယူကရိန်းအခြေစိုက် Strana မီဒီယာကရေးသားဖော်ပြထားသည်။

စည်းမျဉ်းသစ်အရ ဓာတုဗေဒနှင့် ဇီဝဗေဒ၊ ဆက်သွယ်ရေးနှင့် ရေဒီယိုအင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံ၊ တိရစ္ဆာန်ဆေးပညာ၊ စျေးကွက်ရှာဖွေရေး၊ စိတ်ပညာနှင့် လူမှုရေးလုပ်ငန်း၊ ထုတ်ဝေခြင်းနှင့် ပုံနှိပ်ခြင်း၊ စီမံခန့်ခွဲမှုနှင့် အခြားစစ်မှုထမ်းနေရာများကိုလည်း လျှောက်ထားနိုင်ကြောင်းသိရသည်။ စစ်မှုထမ်းရမည့် ရာထူးနှင့်နေရာ စာရင်းတွင် အထူးပြု ဘာသာရပ် ၁၄ ခု ရှိသည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးသည် အဆိုပါဥပဒေကို ၂၀၂၂ခုနှစ် အောက်တိုဘာလကတည်းကပင်လျှင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း အဆိုပါ ဥပဒေပါ အချက်အလက်များနှင့် အပြောင်းအလဲများသည် လူအများ၏ ဒေါသကို ဖြစ်ပေါ်စေခဲ့သဖြင့် ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနသည် အဆိုပါ ဥပဒေ အကောင်အထည်ဖော်မှုကို တစ်နှစ် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေ့ဆိုင်းမှုသည် အောက်တိုဘာ ၁ ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here