ရှိပြီးသား ဓာတ်အားပေးစက်ရုံများ ပျက်စီးမှုမရှိစေရေးစနစ်တကျ ထိန်းသိမ်းမောင်းနှင်ရန် လျှပ်စစ်ဝန်ကြီးမှာကြား

0
181

လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အသစ်တည်ဆောက်ခြင်းမပြုလုပ်နိုင်မီကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းမောင်းနှင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက မှာကြားသည်။

စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၊ ဖြူးမြို့၏ အနောက်ဘက် (၇)မိုင်ခန့်အကွာရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပြီး စက်ရုံများ၌ အရေးပေါ်လိုအပ်ချိန်တွင် အစားထိုးတပ်ဆင်နိုင်ရန် ထရန်စဖော်မာများကို အရန်အဖြစ်ထားရှိရန်လည်း မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုနှင့် တာဘိုင်စက်ခန်းအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်နေမှု၊ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု၊ ရေလှောင်တမံအတွင်းရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့်ပင်မတမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ဖြူးချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်ထားပြီး စက်တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်မှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here