တနင်္သာတိုင်းရှိ ကျွန်းပေါင်း(၈၀၀)ကျော်အနက် ကျွန်း (၄၀) တွင် အပန်းဖြေခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

0
387

တနင်္သာတိုင်းတွင် ကျွန်းပေါင်း(၈၀၀)ကျော်ရှိသည့်အနက် ကျွန်း (၄၀)တွင် ခရီးသွားလာရေးလုပ်ငန်းအနေဖြင့် အပန်းဖြေခရီးသွားလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို၏ ပြောကြားချက်အရ သိရသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ စက်တင်ဘာ (၃၀) ရက် နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းအတွင်း၌ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် တန်ခိုးကြီးဘုရားများ၊ ထင်ရှားပြီး သာယာလှပသော ပင်လယ်ကမ်းခြေများအပြင် အပမ်းဖြေဟိုတယ်များလည်း ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းအတွင်း၌ ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း(၆၀)လုံးနှင့် အိပ်ခန်းပေါင်း (၂၄၃၃)ခန်းရှိကာ လက်ရှိဆောက်လုပ်ပြီးစီးပြီး ခရီးသွားများလာရောက်လည်ပတ်လျက်ရှိသည့် ကျွန်း (၈)ကျွန်းတွင် ဟိုတယ်ဆောက်လုပ်ထားကာ အပန်းဖြေခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်း (၂)ခုရှိ ကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်လိုသူများစွာရှိကာ ဟိုတယ်များ၌ လာရောက်အပမ်းဖြေသူများပြားပြီး နိုင်ငံခြားခရီးသွားများ လာရောက်အပမ်းဖြေနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ထားဝယ်ဒေသတွင် မေတ္တာနှင့် ဘန်းချောင်းရေအားလျှပ်စစ်စီမံကိန်းရှိပြီး မြိတ်ခရိုင်တွင် မယွန်ရေအားလျှပ်စစ်၊ ဆာရာဝရေအားလျှပ်စစ်စီမံကိန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားကို ထားဝယ်ဒေသတွင် ဂက်စ်တာဘိုင်ဖြင့် ထုတ်လွှတ်ပေးလျက်ရှိပြီး ကျန်နေရာများတွင် ဒီဇယ်ဆီဖြင့်ပေးလျက်ရှိသည်ဟု ပြောသည်။

သတ္တုလုပ်ငန်းအနေဖြင့် လုပ်ကွက်ပေါင်းအကြီး၊ အလတ်၊အသေး(၃၅)ခုရှိကာ ဟိန္ဒားသတ္တုတွင်းသည် ထင်ရှားပြီးသတ္တုပါဝင်မှုနှုန်းများပြီး ကံပေါက်သတ္တုတွင်းသည် သတ္တုသိုက်ကြီးမားသည်ဟု ပညာရှင်များအဆိုအရ သိရှိရသည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here