အောက်တိုဘာ ၈ ရက်မှစ၍ အာဆီယံနိုင်ငံလေးနိုင်ငံသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးလာရောက်မည်

0
337

တိုကျို၊စက်တင်ဘာ ၃၀

ယခုနှစ်နှောင်းပိုင်း၌ကျင်းပမည့် အာဆီယံခေါင်းဆောင်များနှင့်ထိပ်သီးဆွေးနွေးပွဲအတွက် ဂျပန်နိုင်ငံက ပြင်ဆင်နေချိန်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ခါမိခဝသည် ဘရူနိုင်း၊ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ အောက်တိုဘာ ၈ ရက်မှစတင်ကာ သွားရောက်ရန်စီစဉ်ထားကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်များကပြောကြားခဲ့သည်။

ယခုခရီးစဉ်အတွင်း တောင်ဘက်နှင့်အရှေ့တရုတ်ပင်လယ်များတွင် တရုတ်နိုင်ငံ၏အခိုင်အမာ အားကောင်းလာမှုကြောင့် တရားဥပဒေစိုးမိုးရေးကိုအခြေခံသော နိုင်ငံတကာ အစီအစဥ် ဖြစ်စေရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ဆောင်ရန်လိုအပ်သည့်အကြောင်းများအား အတည်ပြု‌ဆွေးနွေးရန်မျှော်လင့်ရသည်ဟုလည်းဆိုသည်။

ထို့အပြင် ဂျပန်နှင့်အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ တိုကျိုမြို့၌တွေ့ဆုံရန် စီစဉ်ထားကြောင်းလည်းသိရသည်။

ယခုခရီးစဉ်သည် မစ္စခါမိခဝအတွက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ကာ စက်တင်ဘာအကုန်ပိုင်းတွင် နူးယော့ခ်ရှိကုလအထွေထွေညီလာခံသို့လည်းတက်ရောက်ခဲ့သေးသည်။

အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here