၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်အထိ မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေမှာ (၅၆ ဒဿမ ၂) သန်းရှိ

0
797

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်လည်ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်အထိ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၅၆ ဒဿမ ၂) သန်းဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်အထိ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် ရှိနေပြီး ယင်းအစီအစဉ်၏ ရှေ့ပေးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်အားလုံးရှိ မြို့နယ် (၂၀)ကို ရွေးချယ်သတ်မှတ်ကာ စုစုပေါင်း ကောက်ကွက် (၁၀၀) ကို ကောက်ယူသွားမည်ဖြစ်သည်။

အဆိုပါ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်နှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့ရှိ ရပ်ကွက်အချို့အပါအဝင် သတ်မှတ်ထားသည့် ကောက်ကွက်အချို့တွင် ယမန်နေ့က စတင်ကောက်ယူမှုများ လုပ်ဆောင်လျက်ရှိ ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

တိုင်းနှင့် ပြည်နယ်အနှံ့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို Mobile Tablet များ အသုံးပြုပြီး Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက် မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း ၆၈ ခု မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်အထိ ခန့်မှန်းလူဦးရေစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၉ သန်း၊ မန္တလေးတိုင်းသေကြီးနှင့် ရှမ်းပြည်နယ်တွင် ၆ ဒသမ ၈ သန်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် ၁ ဒသမ ၄ သန်းဖြစ်ပြီး လူဦးရေအနည်းဆုံး ပြည်နယ်များမှာ ချင်းပြည်နယ်၌ ၀ ဒသမ ၅ သန်းနှင့် ကယားပြည်နယ်၌ ၀ ဒသမ ၄ တို့ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကချင်ပြည်နယ်၌ ၂ ဒသမ ၀ သန်း၊ ကရင်ပြည်နယ်၌ ၁ ဒသမ ၆ သန်း၊ စစ်ကိုင်းတိုင်း၌ ၅ ဒသမ ၇ သန်း၊ တနင်္သာရီတိုင်း၌ ၁ ဒသမ ၆ သန်း၊ ပဲခူးတိုင်း၌ ၅ ဒသ မ ၀ သန်း၊ မကွေးတိုင်း၌ ၃ ဒသမ ၉ သန်း၊ မွန် ပြည်နယ်၌ ၁ ဒသမ ၉ သန်း၊ ရခိုင်ပြည်နယ်၌ ၃ ဒ သမ ၄ သန်း၊ ဧရာဝတီတိုင်း၌ ၆ ဒသမ ၂ သန်းနှင့်နေပြည်တော်၌ ၁ ဒသမ ၄ သန်း အသီးသီးနေထိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here