ဂျပန်နိုင်ငံရှိ ကုမ္ပဏီပေါင်း (၃၀၀) ကျော်မှ မြန်မာလုပ်သား (၁၀၀၀) နီးပါး ထပ်မံခေါ်ယူမည်

0
324

ဂျပန်နိုင်ငံရှိ ကုမ္ပဏီပေါင်း ၃၀၀ ကျော်က မြန်မာလုပ်သား (၁၀၀၀) နီးပါး ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးက ၂၀၂၃ ခုနှစ် အောက်တိုဘာ (၂) ရက် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံး အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်မှ အောက်တိုဘာ (၂) ရက်နေ့ အထိ ဂျပန်နိုင်ငံမှ ခေါ်ယူသည့် အလုပ်ကမ်းလှမ်းစာ (၃၁၄) စောင်နှင့် ပတ်သက်သည့် အချက်အလက်များကို စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ အကြောင်းပြန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဂျပန်နိုင်ငံ တိုကျိမြို့ရှိ မြန်မာသံရုံးထံသို့ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့် တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများကို စိစစ်ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here