ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေ (၂) သန်းနီးပါးနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရဟုဆို

0
209

ပြည်တွင်း၌ ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေ (၂)သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင် နေကြရကြောင်း UNOCHA Myanmar ၏ လစဉ်ထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာအရ သိရသည်။

ဖြစ်ပွားဆဲ ပဋိပက္ခနှင့် သဘာဝဘေး အန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေကြောင်းလည်း ယင်းအစီရင်ခံစာက ဆိုသည်။

ထို့ပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အရပ်သားများအပေါ်ခြိမ်းခြောက်မှုသည် ပျံ့နှံ့လျက်ရှိလာပြီး၊ နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ မြေမြှုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုမှာ နေပြည်တော်မှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး နီးပါးတွင်ဖြစ်ပေါ်လျက်ရှိကြောင်း UNOCHA Myanmar က ၎င်းတို့ ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် များပြားလာသော လိုအပ်ချက်များကို တုံ့ပြန်ကူညီနိုင်ရန် အရှိန်မြှင့်ဆောင်ရွက်နေကြပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို အကူအညီများပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် ဝင်ရောက်ကူညီခွင့်ဆိုင်ရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာအကန့်အသတ်များကြောင့် ကယ်ဆယ်ရေးအကူအညီ ပေးရန်စီစဉ်ကြိုးစားထားသည်များကို ကြာမြင့်စွာနှောင့်နှေးစေခြင်း၊ သို့မဟုတ် ရွှေ့ဆိုင်းရခြင်းများ ဖြစ်ပေါ်စေလျက်ရှိပြီး ဘေးဒဏ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများကို ပိုမိုထိခိုက်ခံစားရစေကြောင်း၊လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဥ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်း သိရသည်။

ထို့ကြောင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များကို ဖြည်လျှော့ပေးခြင်းနှင့် ထပ်တိုးရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကို တုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်ကြောင်း ကြေညာချက်အရ သိရသည်။

ဓာတ်ပုံ – UNOCHA Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here