တပည့်များ၏ ပညာအရည်အသွေးမြင့်မားစေရန် ဆရာ/ဆရာမများ၏ အရည်အသွေးလည်း မြင့်မားနေရမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

0
267

တပည့်များ၏ ပညာအရည်အသွေးမြင့်မားစေရန် ဆရာ့အရည်အသွေးလည်း မြင့်မားနေရမည်ဟု နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ မှာကြားခဲ့သည်။

သို့ဖြစ်၍ ဆရာ/ဆရာမများအနေဖြင့် အမြဲလေ့လာနေရမည်ဖြစ်ကာ ဆန်းသစ်သည့် အယူအဆ၊ အတွေးအခေါ်များနှင့် ရှင်သန်နေကြရမည်ဟုလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ဆရာကောင်းများရှိမှသာ တိုင်းပြည်၏ အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်များ အနေဖြင့် ပညာ ပြည့်ဝ နှလုံးလှကာ နိုင်ငံနှင့်လူမျိုးအကျိုးကို အားကြိုးမာန်တက်ထမ်းရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ အလှ၊ နိုင်ငံ၏ ဂုဏ်ကိုဖော်ဆောင်နိုင်ကြမည်ဟုလည်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံ၏ အရွယ်အစားကြီးခြင်း၊ ငယ်ခြင်းထက် ထိုနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးအပေါ်မူတည်ပြီး ပညာရေးအဆင့်အတန်းမြင့်မားသောနိုင်ငံသည် ပိုမိုဖွံ့ဖြိုးတိုးတက်မြဲ ဖြစ်သည့်အတွက် ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ် လာစေရန် သင်ကြားပြသပေးရမည်ဖြစ်ကာ တာဝန်သိမှု၊တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်လာစေရန်လည်း သင်ကြားပေးရမည်ဟု မှာကြားသည်။

ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးစံနှုန်းများဖြင့် ဥပဒေကိုလေးစားလိုက်နာတတ်ပြီး အမြင်ကျယ်ကျယ်ဖြင့် စူးစမ်း ရှာဖွေ လေ့လာကာ တီထွင်ကြံဆတတ်သူများ၊ မတူကွဲပြားမှုများကို နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားကာ ငြိမ်းချမ်းရေး အခြေခံအသိများနှင့် လက်တွေ့ကျင့်သုံးနေထိုင်တတ်သူများဖြစ်စေရန်အတွက် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကကျသည်ဟုလည်းနစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here