ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လက်လုပ်မိုင်းတွေ့ရှိမှုကြောင့် ရထား (၃) စီး (၁) နာရီခန့် ဘူတာများ၌ ရပ်တန့်ခဲ့ရ

0
286

ရန်ကုန် – မန္တလေးရထားလမ်းပိုင်းတွင် အောက်တိုဘာ(၄) ရက် နံနက်ပိုင်းက လက်လုပ်မိုင်း တွေ့ရှိခဲ့ရသဖြင့် ရထား (၃)စီးမှာ အနီးအနားရှိ ဘူတာများတွင် (၁) နာရီခန့် ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။

ယမန်နေ့ နံနက် (၈) နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက်စဥ် ဖြူးမြို့နယ်အတွင်းရှိ တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား ရထားလမ်းမိုင်တိုင် ၁၂၀/၇ နှင့် ၁၂၈/၈ ရှိတံတားအမှတ်(၁၇၉)အနီးတွင် ဝါယာကြိုးများနှင့် သွယ်တန်းထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့်ထည့်ထားသော ကော်ပုံး (၂) ပုံးကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းသို့ တွေ့ရှိခဲ့သည့်အတွက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သဖြင့် နံနက် (၁၀) နာရီ (၁၀) မိနစ်တွင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး မိုင်းရှင်းလင်းနေစဥ်အချိန်အတွင်း အမှတ် (၉၂၃)အဆန်ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာ၌လည်းကောင်း ၊ အမှတ် (၉၀၄)အစုန် ကုန်ရထားသည် ကညွတ်ကွင်းဘူတာ၌လည်းကောင်း၊ အမှတ်(၉၀၂) အစုန် ကုန်ရထားသည် ဖြူးဘူတာ၌လည်းကောင်း (၁) နာရီခန့်ကြာရပ်တန့်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များမှ ရထားလမ်းအား မိုင်းထောင်ထားခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မှု (၁၂၆) ကြိမ်၊ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၅) ကြိမ်၊ဘူတာအဆောက်အအုံနှင့်ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here