ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပေါ် ဘုံသဘောတူညီချက်ရှိနေခြင်းသည်ပင် NCA ၏ အနှစ်သာရဖြစ်ကြောင်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပြောကြား

0
339

လာမည့် ရက်ပိုင်းအတွင်း (၈) နှစ်ပြည့်မြောက်မည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း၏ တိုးတက်ပြောင်းလဲမှု အခြေအနေနှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်)က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒေါ်စောမြရာဇာလင်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်မတို့ UPWC နဲ့ စပြီးတော့ ဆွေးနွေးခဲ့စဉ်တုန်းကဆိုရင် ဖက်ဒရယ်ဆိုတဲ့စကားကို ရရှိဖို့အတွက် ကျွန်မတို့ အရမ်းကို ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဖက်ဒရယ်သည် ခွဲထွက်ရေး မဟုတ်ဘူး ၊အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ ရှိနေပေမယ့် အတူတကွ နေထိုင်ရေးဖြစ်တယ်ဆိုတဲ့ စဉ်းစားချက်မျိုးရလာတဲ့အခါမှာ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို အားလုံးက သဘောတူခဲ့ကြတာဖြစ်တယ်။ အစပိုင်းမှာဆိုရင် အားလုံးက ခါးခါးသီးသီး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေဆိုရင်လည်း ခါးခါး သီးသီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့ နောက်မှာဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို အားလုံးက လက်ခံခဲ့ကြတယ်။ ဒါဟာ NCA ရဲ့ ကောင်းမြတ်တဲ့အနှစ်သာရပဲ ဖြစ်တယ်လို့ ကျွန်မပြောချင်တယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ကနဦး ဆောင်ရွက်ချက်အနဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တပ်မတော်သား အရာရှိများပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲနှင့် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး NLD အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၂) ဖွဲ့နှင့် ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ NCA လက်မှတ်ရေးထိုးနိုင်ခြင်း၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံအတွင်း တစ်ကြိမ်တစ်ခါမျှ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို တိုင်းရင်းသား ဒေသများအပါအဝင် နေပြည်တော်တွင်ပါ အကြိမ်ကြိမ်ကျင်းပနိုင်ခဲ့ပြီး မိမိတို့၏ လိုလားချက်များအပေါ် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ခဲ့ကြကြောင်းလည်း ALP ဥက္ကဋ္ဌက မှတ်ချက်ပြုသည်။

လာမည့် အောက်တိုဘာ (၁၅) ရက်တွင် အဆိုပါ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့်မည်ဖြစ်ပြီး နစက အစိုးရက နှစ်ပတ်လည်အခမ်းအနား ကျင်းပရန် ပြင်ဆင်လျက်ရှိနေခြင်းလည်း ဖြစ်သည်။

အဆိုပါ NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ထံ ဖိတ်ကြားစာ ပေးပို့ထားပြီးဖြစ်ကာ ၎င်းတို့ပါတီအနေဖြင့်လည်း တက်ရောက်သွားရန် အစီအစဉ်ရှိကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

” တက်မှာပါ။ ဖိတ်စာပို့တာတော့ ရှိပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်ကြားတယ်ဆိုတာတော့ မပြောလိုပါဘူး။ဖိတ်စာတော့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

NCA စာချုပ် ပေါ်ပေါက်လာရခြင်းမှာ နိုင်ငံရေး ပြဿနာအပေါ်အခြေခံ၍ ပေါ်ပေါက်လာရသည့် ပြည်တွင်းစစ်များ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရည်မှန်းချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကြိုးပမ်းခဲ့မှု၏ အကျိုးရလဒ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့နှင့် NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် လက်မှတ်ရေးထိုးပြီးသား အဖွဲ့အချို့သည် NCA လမ်းကြောင်းမှ သွေဖီကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိနေသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားလျက်ရှိပြီး တွေ့ဆုံဆွေးနွေးခြင်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် အခြေအနေများလည်း ရှိနေသည်။

သို့‌သော် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုလုပ်ဆောင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များပါ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန် လမ်းဖွင့်ထားကြောင်း မကြာခဏ ပြောဆိုလျက်ရှိသည်။

ယင်းကဲ့သို့ လမ်းဖွင့်ထားသည်ဟု ပြောဆိုနေခြင်းမှာ ကောင်းမွန်သည့် အချက်တစ်ခုဖြစ်ကြောင်းလည်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

” တံခါးတော့ ဖွင့်ထားရမှာပါပဲ။ တံခါးဖွင့်ထားတယ်ဆိုတာကလည်း ကောင်းတဲ့အချက်လို့ ကျွန်မမြင်ပါတယ်။မရောက်သေးတဲ့သူတွေ ရောက်လာနိုင်အောင်၊ ဒီစားပွဲဝိုင်းမှာ မပါသေးတဲ့သူတွေ ပါလာနိုင်အောင် ကြိုးပမ်းခြင်းသည် NCA ရဲ့ အနှစ်သာရကို အကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အေးအေးဆေးဆေးအဖြေရှာဖို့ ကြိုးစားခြင်းလို့ မြင်ပါတယ်။ ဒါပေမဲ့ လူသားတွေမှာ အတ္တတွေ ရှိကြပါတယ်။ ကိုယ့်အတ္တနဲ့ ကိုယ်ပေါ့နော်။ ကျွန်မတို့ နိုင်ငံမှာ ၂၀၂၀ နောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာရတာကိုတော့ စိတ်မကောင်းပါဘူး” ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့်အခမ်းအနားကို လာမည့်အောက်တိုဘာ (၁၅)ရက်တွင် နေပြည်တော်၌ နစက အစိုးရက တာဝန်ယူကျင်းပသွားရန်ရှိနေပြီး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အပါအဝင် နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့အချို့လည်း တက်ရောက်ကြမည့် အလားအလာရှိနေသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ သံတမန်အချို့လည်း တက်ရောက်သွားမည့် အလားအလာရှိနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here