မြစ်ကြီးနားမြို့နယ်တွင် ငွေကျပ် ၁၅၈.၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများအား ဆိုင်ကယ်ဖြင့် သယ်လာသည့် အမျိုးသမီး တစ်ဦးထံမှ ဖမ်းဆီးရမိ

0
145

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ငွေကျပ် ၁၅၈.၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများအား အမျိုးသမီးတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ခွကြားရှိ ဆွဲခြင်းအတွင်းမှ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ (၄) ရက် ညနေ (၅) နာရီ (၁၀) မိနစ်အချိန်က မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မဒေါင်ယန်(ခ)မာထု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော လက်ဆွဲခြင်းအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၉၆ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၈.၄ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မဒေါင်ယန်(ခ)မာထု(၄၇)နှစ်အား မြစ်ကြီးနား နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here