ဘင်္ဂလားဒေ့ရှ်နျူကလီးယားစွမ်းအင်ကဏ္ဍ ရုရှကူညီနေဟု ပူတင်ဆို

0
223

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုယ်ပိုင်နျူကလီးယားဓာတ်အားပေးစက်ရုံဖန်တီးနိုင်စေရေးအတွက် ရုရှားနိုင်ငံက ထိရောက်စွာကူညီနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Rooppur Nuclear Power Plant (RNPP) သို့ ရုရှားနျူကလီးယားလောင်စာများ ပေးပို့ခြင်းအထိမ်းအမှတ် အခမ်းအနားတွင် ရုရှားသမ္မတဗလာဒီမာပူတင်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့သည်။

“ရုရှားဖက်က ဘင်္ဂလားဒေ့ရှ်ရဲ့ နျူကလီးယားလုပ်ငန်းအတွက် သက်ဆိုင်ရာ ကျွမ်းကျင်အဆင့်မြင့်ဝန်ထမ်းတွေကို လေ့ကျင့်ပေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ကျောင်းသား ၈၀ ကျော်ဟာ နျူကလီးယား အင်ဂျင်နီယာဆိုင်ရာ ဘွဲ့ဒီဂရီတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေက ဘွဲ့ရထားပြီးသားဖြစ်ပြီး သူတို့ရဲ့ ရာထူးအဆင့်တွေဟာလဲ ဒီထက်ပိုပြီး တိုးတက်လာမှာ သေချာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှ ချစ်လှစွာသောမိတ်ဆွေများ ခင်ဗျား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နျူကလီးယားစက်မှုလုပ်ငန်းတစ်ခုလုံးနဲ့တကွ အက်တမ်စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့အတွက် ကဏ္ဍတစ်ခုကို ကျွန်တော်တို့ ထိရောက်စွာဖန်တီးနေပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

RNPP ၏ ဘင်္ဂလားဒေ့ရှ် ဝန်ထမ်းများအတွက် လေ့ကျင့်ရေးစင်တာတစ်ခုကို ယင်းစက်ရုံနေရာ၌ ယမန်နှစ်ကတည်းက တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း ပူတင်က မှတ်ချက်ပြုခဲ့သည်။ ထိုနေရာတွင် ကျွမ်းကျင်ပညာရှင်များက စက်ရုံရှိ အဓိကလုပ်ငန်းစဉ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။ “ဒီနေ့အထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၀၀ ကျော်ကို နျူကလီးယားလုပ်ငန်းကျွမ်းကျင်သင်တန်းတွေ ပေးနေပါပြီ။ အဖိုးတန် လုပ်ငန်းကျွမ်းကျင်မှုတွေကြောင့် သူတို့ဟာ နျူကလီးယားစွမ်းအင်လုပ်ငန်းမှာသာမက ဘင်္ဂလားဒေ့ရှ်စီးပွားရေးရဲ့ တခြားစက်မှုလုပ်ငန်းနယ်ပယ်တွေမှာပါ ပံ့ပိုးပေးလာနိုင်ပါတယ်” ဟုလည်း သမ္မတပူတင်က ပြောကြားခဲ့သည်။

နျူကလီးယားစွမ်းအင်နယ်ပယ်နှင့် အခြားအဓိကနယ်ပယ်အားလုံးတွင် ရုရှားနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ပုဂ္ဂိုလ်ရေးအရ အထူးအာရုံစိုက်မှုအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ခ်ဟာဆီနာအား ကျေးဇူးတင်ရှိကြောင်း ပူတင်က နိဂုံးချုပ်ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ ရုရှားနှင့် ဘင်္ဂလားဒေ့ရှ် လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများအားလုံး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အားလုံးပဲ အဆင်ပြေကြပါစေ” ဟုလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ခ်ဟာဆီနာက ပြန်လည်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here