အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ရန် နိုင်ငံခြားရေး ဒုဝန်ကြီး တိုက်တွန်း

0
951

အမျိုးသား အကျိုးစီးပွားဖြစ်ထွန်းစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်က တိုက်တွန်းပြောကြားသည်။

အာဆီယံ မဏ္ဍိုင်(၃)ရပ်ဖြစ်သည့် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း မဏ္ဍိုင်၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း မဏ္ဍိုင်၊ အာဆီယံ လူမှု – ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တို့၏ သက်ဆိုင်ရာဝန်ကြီးဌာနများကြား အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အောက်တိုဘာ (၅)ရက်က ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းကို ကျေနပ်အားရမိကာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၌ မိမိတို့၏ သက်ဆိုင်ရာအမျိုးသား စီမံကိန်းများနှင့် ကိုက်ညီစွာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှတဆင့် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းစေရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် လာမည့် ၂၀၂၄ ခုနှစ်တွင် အာဆီယံ၌ မြန်မာနိုင်ငံမှထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာများ၊ စိန်ခေါ်မှုများကိုလည်း ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်က သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (HLTF-ACV)၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်းအား အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက အာဆီယံ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ၎င်းတို့၏ သက်ဆိုင်ရာမဏ္ဍိုင် အသီးသီးအောက်မှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် အနာဂတ် အာဆီယံအလားအလာတို့ကို တက်ရောက်လာကြသူများက သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here