ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

0
268

ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်နေရခြင်းမှာ သွင်းအားစုများနှင့် လုပ်အားခများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့်ဖြစ်ပြီး စားသုံးမှုလိုအပ်ချက်ကို လုံလောက်စွာထုတ်လုပ်နိုင်ကာ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ (၆) ရက် မွန်းလွဲပိုင်းက သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော်နေမှုအားကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းမှာ ရန်ကုန်တိုင်း၌ အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကာ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့အတွက် အသား၊ ငါးနှင့်ရာသီသီးနှံလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ၏ တစ်နေ့တာ ပျမ်းမျှအသား၊ ငါးစားသုံးမှု လိုအပ်ချက်ပမာဏကို တွက်ချက်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူထုတ်လုပ်သွားရမည်ဟုလည်း မှာကြားခဲ့ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here