ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ဆိုင်ကယ်မှအရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ ၁၂ ဘီးကားကိုဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွား

0
155

ပဲခူးတိုင်း၊ပဲခူးမြို့နယ်၊ဝမ်းဘဲအင်းကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် အောက်တိုဘာ ၆ ရက်ညပိုင်းက ဆိုင်ကယ်မှအရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ ၁၂ ဘီးကားကိုဝင်တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီ ၄၀ မိနစ်ခန့်က ပဲခူးမြို့နယ်၊ဝမ်းဘဲအင်းကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းအတိုင်း အသက်(၂၃)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၄၉/၃ နှင့် ၄၉/၄ ကြားအရောက်အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောမှမောင်းနှင်လာသည့် ၁၂ ဘီးကားအား မျက်နှာချင်းဆိုင်ဝင်တိုက်မိပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား ဘုရားကြီးနယ်မြေမီးသတ်စခန်း၊ပျဉ်ပုံကြီးနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဘုရားကြီးလူငယ်လူမှုကူညီရေးအသင်းတို့မှ မီးငြှိမ်းသတ်ခြင်းနှင့်ကူညီကယ်ဆယ်ခြင်းများပြုလုပ်ခဲ့ကြသဖြင့် မီးလောင်မှုအား ည ၈ နာရီ ၁၅ မိနစ်၌ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးလောင်သွားတဲ့အတွက် ၁၂ ဘီးကားကော ဆိုင်ကယ်ကော နှစ်စီးလုံးပျက်စီးသွားတယ် ဆိုင်ကယ်မောင်းလာတဲ့အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာရတာများတယ် စိုးရိမ်ရပါတယ် ၁၂ ဘီးကားပေါ်ကလူတွေ ထိခိုက်မှုမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသမီးအား ဘုရားကြီးလူငယ်လူမှုကူညီရေးအသင်းမှ ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မောင်မေတ္တာ


LEAVE A REPLY

Please enter your comment!
Please enter your name here