စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၌ လုပ်သားရှားပါးမှုပြဿနာကို ယန္တရားများဖြင့်ဆောင်ရွက်နိုင်ရေးစဉ်းစားရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
181

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၌ လုပ်သားရှားပါးမှုပြဿနာကို ယန္တရားများဖြင့်ဆောင်ရွက်နိုင်ရေးစဉ်းစားရမည်ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ၊ကျောက်တန်းမြို့နယ်၊ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်လုပ်ငန်းအကောင်အထည်ဖော်နေမှုအား နစက ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုဖလားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသာမက စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးစနစ်များကိုဖော်ဆောင်ရမည်ဖြစ်ကာ လိုအပ်သည့် သွင်းအားစုများလုံလောက်စွာရရှိနိုင်ရေးကိုစီမံဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံအတွင်း ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို နည်းစနစ်ကျနစွာဖြင့်ထုတ်လုပ်နိုင်မည့် မြေအရင်းအမြစ်များစွာရှိပြီးဖြစ်၍ ခေတ်စနစ်နှင့်လျော်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များစိုက်ပျိုးထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည်ဟု ဆိုသည်။

သွင်းအားစုနှင့်ပတ်သက်၍ မြေဩဇာ၊ရေရရှိရေး၊လုပ်အားခဟူ၍ရှိပြီး လုပ်သားရှားပါးမှုပြဿနာကို ယန္တရားများဖြင့်ဆောင်ရွက်နိုင်ရေးစဉ်းစားဆောင်ရွက်သွားရမည်ဟု ဆိုသည်။

“မြေဩဇာလိုအပ်ချက်ကြောင့် အထွက်နှုန်းလျော့ကျမှုမရှိစေဖို့အတွက် ပြည်ပကတင်သွင်းဖို့ လိုအပ်တဲ့ မြေဩဇာတွေကို တင်သွင်းခွင့်ပြုထားပေးပြီးဖြစ်ပါတယ် သီးထပ်စွမ်းအားတွေ တိုးတက်လာရင် တောင်သူတွေဝင်ငွေကောင်းလာနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစားပေးဖြစ်ကာ ရန်ကုန်တိုင်းသည် လမ်းပန်းဆက်သွယ်မှုလျင်မြန် ချောမွေ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် အခြေအနေရှိပြီးဖြစ်၍ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ရန်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း အစိုးရမှ ဖန်တီးပေးရမည်ဟု ဆိုသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်လေ့လာမှုမှရရှိလာသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတွေ့အကြုံများနှင့်နည်းစနစ်များကိုအသုံးချ၍ မိမိတို့နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here