နေပြည်တော်၊ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် သံမဏိထုတ်လုပ်မှု၊ရော်ဘာစီးပွားဖြစ်ထုတ်လုပ်မှု၊မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာသင်တန်းများဖွင့်လှစ်ပို့ချနိုင်ရန်ဆွေးနွေး

0
144

နေပြည်တော်၊ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် သံမဏိထုတ်လုပ်မှု၊ရော်ဘာစီးပွားဖြစ်ထုတ်လုပ်မှု၊မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာသင်တန်းများဖွင့်လှစ်ပို့ချနိုင်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့်အိန္ဒိယနိုင်ငံ၊ Hindustan Machine Tools (HMT) International Ltd. ၏ General Manager ဖြစ်သူ Mr. Y.K. Vaish တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ General Manager ဖြစ်သူ Mr. Y.K. Vaish အား အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊စက်မှုသင်တန်းကျောင်း(မုံရွာ)နှင့်စက်မှုသင်တန်းကျောင်း(သထုံ)အမြန်ဆုံးဖွင့်လှစ်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စက်မှုသင်တန်းကျောင်းများရှိ ဆရာ၊ဆရာမများအတွက် နည်းပညာဆိုင်ရာနည်းပြသင်တန်းများပံ့ပိုးပေးနိုင်ရေး၊ နေပြည်တော်၊ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် သံမဏိထုတ်လုပ်မှု၊ရော်ဘာစီးပွားဖြစ်ထုတ်လုပ်မှု၊မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာနည်းပညာသင်တန်းများဖွင့်လှစ်ပို့ချနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာသင်တန်းများ၊ စက်ပစ္စည်းကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊အိန္ဒိယနိုင်ငံသို့ ပညာတော်သင်များစေလွှတ်ပေးနိုင်ရေးနှင့်လိုအပ်သည့်ကူညီမှုများ ဆက်လက်ပံ့ပိုးပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ HMT (International) Ltd. သည် အိန္ဒိယနိုင်ငံအကြီးစားစက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီးဌာနအောက်မှ အဖွဲ့အစည်းဖြစ်ကာ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံကြား ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အကူအညီ(Grant Aid)ပေးရေး နားလည်မှုစာချွန်လွှာအောက်တွင် မြန်မာနိုင်ငံ၏စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ပေးထားခြင်းဖြစ်သည်။

ပုံစာ – အမှတ် (၁)သံမဏိစက်ရုံ(မြင်းခြံ)


LEAVE A REPLY

Please enter your comment!
Please enter your name here