ကျိုက်ထီးရိုး တောင်တက်ကားလမ်းမြေသားနံရံအက်ကြောင်းလိုက်နေပြီး မြေပြိုကျနိုင်သဖြင့် သတိပေးအမှတ်အသားများပြုလုပ်

0
256

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်း ကျေးရွာ အုပ်စုရှိ ကျိုက်ထီးရိုး တောင်တက်ကားလမ်း ဘေးအောက်ဘက်၌ မြေသားနံရံတွင် အက်ကြောင်းများဖြစ်ပေါ်လျက်ရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာ (၈) ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်တက်ကားလမ်း၏ မိုင်တိုင်အမှတ် ၇/၄ ၏ ရသေ့တောင်ယာဥ်ရပ်နားစခန်းအနီးရှိ ကားလမ်းဘေးအောက်မြေသားနံရံများ အက်ကြောင်းလိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မြေသားနံရံအက်ကြောင်းလိုက်မှုကြောင့် မြေပြိုကျနိုင်သဖြင့် ကျိုက်ထီးရိုးနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လမ်းယာဉ်အန္တရာယ် ကင်းရှင်းစေရန် သတိပေးအမှတ်အသားများပြုလုပ်ခြင်း၊ ရေစီးကောင်းမွန်စေရန် မြောင်းဖောက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နံနက် (၁၀) နာရီခန့်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်တွင် နေအိမ်များအတွင်း ရေဝင်ရောက်လျက်ရှိနေသည့်အတွက် ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here