မြန်မာ-ရုရှားနှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို စွမ်းအင်ဝန်ကြီးနှင့်ရုရှားသမ္မတ၏ လက်ထောက်အကြံပေးတို့ဆွေးနွေး

0
244

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့်ရုရှားသမ္မတ၏ လက်ထောက်အကြံပေး၊ရုရှားနည်းပညာစောင့်ကြည့်လေ့လာရေးအဖွဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ဒု-အဖွဲ့ခေါင်းဆောင် Mr. Segey Vladimirovish တို့သည်နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံ၊မော်စကိုမြို့တွင်ကျင်းပမည့် (၆)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်(REW)တက်ရောက်ရန် ရုရှားနိုင်ငံသို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက Mr. Segey Vladimirovish အား တွေ့ဆုံစဥ် ​ဆွေး​နွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရုရှားနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ကဏ္ဍတစ်ခုချင်းစီအလိုက် ဆက်သွယ်ရမည့် Focal person များထားရှိပေးထားပြီးဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းလမ်းများရှာဖွေရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံဘက်မှလည်း Focal person များထားရှိ၍ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ရေနံချက်စက်ရုံတည်ဆောက်ရေးနှင့်ပတ်သက်၍ Refinery Process များတိုးတက်လာသဖြင့် နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် လောင်စာဆီများထုတ်လုပ်နိုင်သည့် နည်းစနစ်များနှင့်ပတ်သက်၍ သေချာစွာဆွေးနွေးရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ Mr. Segey Vladimirovish မှလည်း နှစ်နိုင်ငံအကျိုးစီးပွားအတွက်ဆွေးနွေးခဲ့သည့် ကိစ္စများကို အရှိန်မြှင့်တင် ဆောင်ရွက်ရေး၊မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တည်ဆောက်ခြင်းအတွက် ရေနံတင်သင်္ဘောကြီးများဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းမဖြစ်မနေလိုအပ်ချက်တို့အား ဆွေးနွေးပြောကြားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဗလာဒီဗော့စတော့၌ကျင်းပမည့် Energy Forum သို့တက်ရောက်ရန် မြန်မာနိုင်ငံမှတာဝန်ရှိသူများအား ဖိတ်ကြားမည်ဖြစ်ကာ နှစ်နိုင်ငံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here