ဘဝသံသရာ တံတားအနီးတွင် (၆) ဘီးကားဘရိတ်ပေါက်ကာ လမ်းဘေးချောက်ထဲထိုးကျ ကားမောင်းသူဒဏ်ရာရခဲ့

0
249

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ – တောင်ကြီးသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘဝသံသရာတံတားအနီးတွင် ယနေ့ အောက်တိုဘာ (၈) ရက် နေ့လယ်ပိုင်းက (၆) ဘီးကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယနေ့နေ့လယ် (၁) နာရီခန့်က ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီး၊ မိတ္ထီလာ – တောင်ကြီးသွား ပြည်ထောင်စု လမ်းမကြီး၏ မိုင်တိုင်အမှတ် ၉၇/၅ နှင့် ၉၇/၆ ကြားရှိ ဘဝသံသရာ တံတားအနီးတွင် မန္တလေးဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော Cantar (၆) ဘီးကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ကာ ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ ညပ်နေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဟဲဟိုးနယ်မြေ မီးသတ်စခန်း၊ ရွှေညောင်နယ်မြေမီးသတ်စခန်းနှင့် အောင်ပန်းနယ်မြေ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ခဲ့ကြသဖြင့် ခေါင်းခန်းအတွင်းညပ်နေသည့် (၆) ဘီးကား မောင်းသူအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် ဟဲဟိုးမြို့ မြတ်စေတနာလူမှုကူညီရေးအသင်းမှ ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်‌ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here