ပဲခူးမြို့ ရေကြီးမှု အရေးပေါ်အခြေအနေသို့ ရောက်ရှိ

0
571
  • အမြင့်ပိုင်း ရပ်ကွက်များအပါအဝင် ပဲခူးဆေးရုံ၊ ပဲခူးမြို့မဈေးနှင့် မြို့လယ်ခေါင်ရှိ နေရာအားလုံးသို့ ရေဝင်ရောက်နေ

ပဲခူးမြို့ ရေကြီးမှုမှာ အရေးပေါ် အခြေအနေသို့ မရောက်စဖူး ရောက်ရှိနေပြီး အမြင့်ပိုင်း ရပ်ကွက်များအပါအဝင် ပဲခူးဆေးရုံ၊ ပဲခူးမြို့မဈေး အပါအဝင် မြို့လယ်ခေါင်ရှိ နေရာအားလုံးသို့ ရေဝင်ရောက်နေသဖြင့် ဈေးများပါ ပိတ်ထားရကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။

ပဲခူးမြစ်ရေသည် ယနေ့ အောက်တိုဘာ (၉) ရက် နံနက် (၆) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ (၁၀၀၄) သို့ ရောက်ရှိနေပြီး ဆက်လက်မြင့်တက်ဆဲ အခြေအနေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ပဲခူးမြို့မဈေး အပါအဝင် မြို့လယ်ခေါင်ရှိနေရာအားလုံးသို့ ရေဝင်ရောက်နေသည့်အတွက် ဈေးများလည်း ဖွင့်လှစ်နိုင်ခြင်း မရှိဘဲ လမ်းပန်းဆက်သွယ်ရေး အားလုံးလည်း ပြတ်တောက်နေသည့်အပြင် ပဲခူးဆေးရုံအတွင်းသို့လည်း ရေများဝင်ရောက်နေပြီး လူနာများလည်း ရေဘေးကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

မြို့တွင်းရှိ ဒေသခံများအနေဖြင့်လည်း ရေကြီးမှုအခြေအနေ ယခုကဲ့သို့ ဆိုးရွားလာမည်ဟု မထင်သည့်အတွက် နေအိမ်မှ ရွှေ့ပြောင်းခြင်း မပြုကြသဖြင့် နေအိမ်တွင်း ပိတ်မိနေသူများလည်း ရှိနေပြီး ရေနှင့် စားသောက်ဖွယ်ရာများ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့်လည်း လှေများ မလုံလောက်၍ ထိရောက်သည့် ကူညီမှုများ မပေးနိုင်သေးကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် အရေးပေါ် ကူညီမှုများ လုပ်ဆောင်ရန် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ပဲခူးမြို့သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်များ သွားရောက်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ပဲခူးမြို့ရေကြီးရေလျှံမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကိုယ်တိုင် အောက်တိုဘာ (၈) ရက်က ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် အောက်တိုဘာ (၈) ရက်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်(၈)ခုနှင့် ကျေးရွာ(၂)ခုတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းကဲ့သို့ ရေကြီးရေလျှံခဲ့သည့် နေရာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းကူညီပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here