ယနေ့ ရန်ကုန် ရွှေအသင်း၏ ရွှေရည်ညွှန်းဈေး တစ်ကျပ်သား နှစ်သောင်းခွဲ ထပ်မံမြင့်တက်လာပြီး (၃) ရက်အတွင်း (၇) သိန်းခွဲအထိမြင့်တက်

0
236

ဗဟိုဘဏ်၏ ဒေါ်လာလေလံဈေးနှုန်းဖြင့် ပြည်တွင်းရွှေဈေးအား တွက်ချက်မှုကြောင့် ရန်ကုန်ရွှေအသင်းက နေ့စဉ်သတ်မှတ်ပေးနေသည့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း လိုက်လံမြင့်တက်လာလျက်ရှိရာ ယနေ့ အောက်တိုဘာ (၉) ရ က်တွင် တစ်ကျပ်သား ၂၆၀၀၀ ကျပ် ကျော် မြင့်တက်လာကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်၌ ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားလျင် ၂၈၉၆၀၀၀ ကျပ် ရှိခဲ့ရာမှ ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် တစ်ကျပ်သား ၂၈၉၂၉၀၀ ကျပ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ စနေနေ့ ဈေးကွက်ပိတ်ချိန် ရန်ကုန်ရွှေအသင်းက ထုတ်ပြန်သတ်မှတ်ခဲ့သည့် ရည်ညွှန်းဈေးဖြစ်သည့် ၂၈၆၆၃၀၀ ကျပ်ထက် ၂၆၆၀၀ ကျပ် မြင့်တက်လာခဲ့ခြ င်း ဖြစ်သည်။

ယင်းကဲ့သို့ မြင့်တက်လာရခြင်းမှာ ယခင်က ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေးဖြစ်သည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် တွက်ချက်နေရာမှ ယခုတွင် ဗဟိုဘဏ်၏ လေလံဈေးနှုန်း ဖြစ်သည့် တစ်ဒေါ်လာ ၂၉၃၂ကျပ်ဖြင့် တွက်ချက်ခြင်းကြောင့် မြင့်တက်လာရခြင်းဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

“အရင်ကတော့ ကျွန်တော်တို့ ဗဟိုဘဏ်ဈေးဖြစ်တဲ့ ၂၁၀၀ ကျပ် ဈေးနဲ့ တွက်တယ်။ ဘဏ်တွေက နိုင်ငံခြားငွေတွေကို လေလံဆွဲလိုက်တာ။  ဘဏ်တွေက ပို့ကုန်၊သွင်းကုန်သမားတွေကို ၂၁၀၀ နဲ့ရှင်းပေးတယ်။ အခုကျတော့ သွင်းကုန်သမားတွေကို တစ်ဒေါ်လာ ၂၉၃၂ ကျပ်နဲ့ပေးတော့ ကျွန်တော်တို့လည်း အဲဒါနဲ့ပဲပြောင်းပြီးတွက်တယ်။ ဘဏ်စနစ်ပြောင်းလိုက်လို့ ရည်ညွှန်းဈေးကိုလည်းပြောင်းတွက်တာပါ။ အရောင်းအဝယ်လုပ်တဲ့ အခါကျရင်တော့ ရည်ညွှန်းဈေးထက်နည်းနည်းပိုမှာပေါ့”ဟု ဦးမျိုးမြင့်က ပြောသည်။

ယင်းကဲ့သို့ ဈေးနှုန်းပြောင်းလဲ တွက်ချက်ခြင်းကို အောက်တိုဘာ (၇) ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ ဈေးကွက်ပိတ်ချိန်တွင် ရန်ကုန်ရွှေအသင်း၏ အခေါက်ရွှေ ရည်ညွှန်းဈေးမှာ ၂၁၄၅၃၀၀ ကျပ်သာ ရှိခဲ့သည့်အတွက် (၃) ရက်အတွင်း တစ်ကျပ်သားလျင် ၇၄၇၆၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြင်ပ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးလျက်ရှိကာ ယနေ့ ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျင် ၃၄ သိန်းဝန်း ကျင်ဖြင့် ဈေးငြိမ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here