ဇလပ်ထော်တမံအတွင်းမိုးရေဝင်ရောက်မှုများပြားခဲ့၍ ရေပိုလွှဲရေကျော်ကာ မြေသားဘေးဘောင်များ တစ်ဘက်လျှင် (၂၅)ပေခန့် ရေတိုက်စားပျက်စီးခဲ့

0
213

ပဲခူးတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့ရှိ ဇလပ်ထော်တမံအတွင်း မိုးရေဝင်ရောက်မှုများပြားခဲ့၍ ရေပိုလွှဲ(Spill Way)ရေကျော်ကာ မြေသားဘေးဘောင်များတစ်ဘက်လျှင် (၂၅)ပေခန့် ရေတိုက်စားပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတိုက်စားပျက်စီးခဲ့သည့် ဇလပ်ထော်တမံ၏ ပျက်စီးခဲ့မှုများအား ယနေ့အောက်တိုဘာ (၁၀) ရက်နံနက်ပိုင်းက ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တာဝန်ရှိသူများအား ရေပိုလွှဲဘောင်များထပ်မံတိုက်စားပျက်စီးမှုမရှိစေရေး၊ ရေတိုက်စားမှု ရေအားအရှိန်လျော့ချနိုင်ရေး၊ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ဆောင်ရွက်ရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။ 

ထို့နောက် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ် ရေကျော်နေမှုအားကြည့်ရှုစစ်ဆေး၍ ရေအန္တရာယ်ရှိသောနေရာများတွင် လမ်းညွှန်အမှတ်အသားများတပ်ဆင်ရန်နှင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်လည်း မှာကြားခဲ့သည်။ 

ထို့အပြင် ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားယာဉ်ရပ်နားဝင်း၌ မြို့နယ်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စက်တပ်ရေယာဉ်များ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးပြီး ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရပ်ကွက်/ကျေးရွာများသို့ ချက်ခြင်းဖြန့်ခွဲဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here